Sunday, December 02, 2007

ဝ’ ပြည် သွေးစည်းညီညွတ်ရေးက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန် လိုလား

စနေနေ့၊ ဒီဇင်ဘာလ 01 2007

တရုတ်နှင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် အခြေစိုက် လှုပ်ရှားသည့် ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က မြန်မာ့ ဒီမိုကရေစီရေး တိုးတက် ဖြစ်ထွန်းရန်နှင့် တိုင်းပြည်၏ အကျပ်အတည်းများ၊ နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အလိုရှိကြောင်း ယနေ့ ပြောဆိုလိုက်သည်။

UWSA အနေဖြင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားလာရေးအတွက် လုပ်ဆောင်ချက် မှန်သမျှကို အားပေး ထောက်ခံပြီး နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဖြင့် မြင်တွေ့လိုကြောင်း အမည်မဖော်လိုသူ ဝ’ တပ်မတော် ဗိုလ်မှူးကြီးတဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို နှစ်သက်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုနဲ့ အတင်းအဓမ္မ ဖိအား စေခိုင်းမှုတွေကို မလိုချင်ပါဘူး” ဟု သူက ပြောသည်။

ယခုလ ၈ ရက်နေ့က မစ္စတာ ဂမ်ဘာရီမှတဆင့် ထုတ်ပြန်လိုက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို ဆန့်ကျင် ကန့်ကွက်သည့် တန်ပြန် ကျေညာချက်များ ထုတ်ပြန်ရန် အတွက် နအဖ ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့် အပစ်အခတ် ရပ်စဲရေး ယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်များထံ သွားရောက် ဖိအားပေးခဲ့သည်။

UWSA စခန်းသို့ ယခုလ ၁၄ ရက်နေ့က နအဖ ဝန်ကြီး ရောက်ရှိလာသော်လည်း လက်မှတ်ထိုးရန် သူတို့က ငြင်းဆန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် တရပ် ထုတ်ပြန်သွားရန် ကတိပေး ပြောဆိုခဲ့သည်ဟု သူက ယခုလို ဆက်ပြောသည်။

“ဒေါ်စုရဲ့ ထုတ်ပြန် ကြေညာချက်မှာ တစုံတခု မှားယွင်းနေတယ်လို့ ကျနော်တို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူပြောသွားတာတွေက လောလောဆယ် လိုအပ်နေတဲ့ အရာတွေ ဖြစ်နေတယ်” ဟု သူက ပြောသည်။

ဝ’ တပ်မတော်နှင့် နီးစပ်သူများအဆိုအရ ဝ’ တပ်ဖွဲ့ဝင် အများအပြားက ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို ထောက်ခံကြသဖြင့် နအဖ အလိုကျ လက်မှတ်ထိုးမည် မဟုတ်ကြောင်းနှင့် UWSA က စက်တင်ဘာလ တော်လှန်ရေးအတွင်း သံဃာနှင့် လူထုအပေါ် အကြမ်းဖက် နှိမ်နှင်းခြင်းအပေါ် ဆန့်ကျင်ကန့်ကွက် ပြောဆိုခဲ့ပြီး လူမှုဒုက္ခများကြောင့် ဆန္ဒပြကြသည့် ပြည်သူများအပေါ် အကြမ်းမဖက်ရန် နအဖကို တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

လက်မှတ်ထိုးရန် ငြင်းဆန်ပြီး နောက်ပိုင်းတွင် UWSA ထိန်းချုပ်ရာ နယ်မြေတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ် တလျှောက်တွင် ကုန်စည် ကူးသန်းခြင်းနှင့် ခရီးသွားလာခြင်းအပေါ် နအဖ စစ်တပ်က ပိတ်ပင် တားဆီးမှုများ လုပ်ဆောင်လာသည်ဟု သိရသည်။

“ကြည့်ရတာ ဒီလို လုပ်လာတာတွေက လက်မှတ် မထိုးလိုက်လို့ဘဲ ဖြစ်မှာပါ။ ဒါပေမဲ့ မြောက်ပိုင်း တရုတ်နယ်စပ် တဝိုက်ကတော့ အေးအေးဆေးဆေး ဖြစ်နေသေးတယ်” ဟု သူက ပြောသည်။

UWSA ထိန်းချုပ်ရာ ဒေသတွင် ဝ’ တိုင်းရင်းသား လူဦးရေ ၅ သိန်းခန့် နေထိုင်လျက်ရှိပြီး တပ်မတော်တွင် စစ်မှုထမ်း ၂ သောင်းကျော် ရှိသည်ဟု ဒေသခံများ အဆိုအရ သိရသည်။

နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည်ဟု ဆိုသော်လည်း တဘက်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို သူမ၏ ထုတ်ပြန်ချက်ကို ဆန့်ကျင် ကန့်ကွက်ရန် ဖိအားပေးခဲ့သဖြင့် တပ်ဖွဲ့ အများအပြား လက်မှတ်ထိုးခဲ့ရပြီး၊ လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည့် ကေအိုင်အေ (ကချင်ပြည် လွတ်မြောက်ရေး တပ်မတော်) ၏ တပ်သား ၆ ဦးနှင့် အရာရှိ ၂ ဦးကိုလည်း မကြာသေးခင်က ဖမ်းဆီးခဲ့သေးသည်။

Ref: မဇ္ဈိမ

Read more...

Wednesday, October 17, 2007

လူပေါင်း (၄) ထောင်ကျော် ဖမ်းဆီးခံနေရဆဲဟု အေအေပီပီ-ဘီပြောကြား

October 17, 2007

ချမ်းလွန်/ ၁၇ အောက်တိုဘာ ၂၀၀၇-နအဖစစ်အစိုးရထုတ်ပြန်သည့် အဖမ်းအဆီးစာရင်းသည် အခြေအမြစ်မရှိဘဲ ဆန္ဒပြ လှုပ်ရှားမှု၌ ပါဝင်သူပေါင်း (၄) ထောင်ကျော် ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီက ပြောသည်။

ဆန္ဒပြမှုမှဖမ်းဆီးထားသည့် မြန်မာတနိုင်ငံလုံးရှိ လူပေါင်း (၂,၄၅၉) ဦးကို ပြန်လွှတ်ပေးခဲ့ပြီး(၄၆၈) ဦးကို စစ်ဆေးမေး မြန်းလျက် ရှိသည်ဟု မြန်မာ့အလင်းသတင်းစာ၌ ယနေ့ သတင်းထုတ်ပြန်သည့်အပေါ် အေအေပီပီ-ဘီ က တုံ့ပြန်ပြောဆို
ခြင်းဖြစ်သည်။

ရန်ကုန်တမြို့တည်း၌ပင် ဖမ်းဆီးချုပ်နှောင်ခံနေရသူ လူပေါင်း (၂) ထောင်ခန့်ရှိသည်ဟုအေအေပီပီ-ဘီ၏ အတွင်းရေး
မှူး ဦးတိတ်နိုင်က ပြောသည်။

၎င်းက “ဒါက ဘယ်နည်းနဲ့မှ အခြေအမြစ်မရှိဘူး။ ဘယ်သူတွေကို လွှတ်တာလဲဆိုတာ လုံးဝမပါဘူး။ အခုလည်း ဆက်ဖမ်းတုန်း၊ မြေလှန်ရှာပြီးဖမ်းနေတယ်။ အဲဒါတွေကို သူတို့စိစစ်ပြီး လွှတ်ပေးနေပါတယ်၊ အများကြီး လွှတ်ပေးနေပါတယ် ဆိုတာက ဘယ်လိုမှ ယုံနိုင်စရာ အကြောင်း မရှိဘူး” ဟု ပြောသည်။

ဆန္ဒပြမှုစတင်ချိန်မှ ယခုလ (၁၆) ရက်အထိ ရန်ကုန်မြို့၌ ခေါ်ယူစစ်ဆေးခံရသူ (၂,၂၈၄) ဦးအနက် (၂,၀၉၄) ဦးကို ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်နှင့် တိုင်းအသီးသီး၌ ခေါ်ယူစစ်ဆေးခံရသူ (၆၄၃) အနက် (၃၆၅) ဦး ကို ပြန်လွှတ်ပေးခဲ့သည်ဟု နအဖ သတင်းစာ၌ ပါရှိသည်။

ဆန္ဒပြသူများထဲ၌ ဦးဆောင်ခဲ့သူ၊ ပါဝင်ခဲ့သူ၊ လိုက်ပါအားပေးသူများအား ခေါ်ယူစစ်ဆေးလျက်ရှိရာ မသိ နားမလည်သူများ၊ လူစု လူဝေးနှင့်အတူ ပါဝင်သူများကို ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးနေပြီး ကျန်ရှိနေသူများကို ဆက်လက် စစ်ဆေး၍ လွှတ်သင့် သူများကို ပြန်လွှတ်မည်ဟုလည်း ဖော်ပြသည်။

“ထဲထဲဝင်ဝင်ပါဝင်တဲ့လူ၊ ခေါင်းဆောင်တဲ့လူတွေပဲ ဖမ်းဆီးထားတယ်ဆိုတဲ့ လေသံမျိုးကိုသူတို့ ပြောချင်တယ်။ ပြီးတော့ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်သလိုလို တကယ်ပဲ စေတနာထားသယောင်နဲ့ သူတို့ပြောတာပေါ့၊ ဒါကလည်း ဗမာပြည်တွင်းမှာ ရှိတဲ့ လူတွေ ထပ်ပြီးတော့အုံကြွလာမှာနဲ့ လှုပ်ရှားမှု အရှိန်ပိုမြင့်လာမှာကို စိုးရိမ်တာရယ်၊ နိုင်ငံတကာရဲ့ဖိအားတွေကို လျော့သွားအောင် လုပ်ချင်တာရယ် အဲဒါကြောင့်မို့ ဒီကိန်းဂဏန်းတွေကို ထုတ်ပြောနေတာလို့ ကျနော်တို့ ယူဆပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် မှန်မှန်ကန်ကန်လုပ်ချင်ပါက ဖမ်းဆီးခဲ့သူများ၊ ပြန်လွှတ် ပေးလိုက်သူများနှင့် ယခုလက်ရှိ ဆက်လက် ဖမ်းဆီးထားသူများ၏ အမည်စာရင်းများကို တိတိကျကျ ထုတ်ပြန်ရမည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခံနေရသူ (၇၀၈) ဦး၏ စာရင်းကိုအတိအကျရရှိထားကြောင်း၊ ပျောက်ဆုံးနေသူ (၆၀) ဦးနှင့် သေဆုံးသူ (၁၂) ဦး ရှိကြောင်း အေအေပီပီ-ဘီ ကပြောသည်။

Ref: မင်းရာဇာ

Read more...

Wednesday, October 10, 2007

မြန်မာ့တပ်မတော်သားအားလုံးကို ဗိုလ်မှုးအောင်လင်းထွဋ်၏ တိုက်တွန်းနှိုးဆော်ချက်။

လေးစားအပ်သော ညီတော် နောင်တော် အရာရှိအရာခံ အကြပ် တပ်သားများ ခင်ဗျာ။ ယနေ့သည် လွန်ခဲ့သော ၆၃ နှစ်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ငါတို့ တပ်မတော်ဟာ ရဟန်းရှင် ပြည်သူလူထုနဲ့ လက်တွဲပြီး ဖက်စစ်စနစ်ကို တော်လှန်ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ငါတို့တပ်မတော်ဟာ ပြည်သူလူထုနဲ့ လက်တွဲပြီး စနစ်ဆိုးက လွတ်မြောက်အောင် စတင် ကြိုးပမ်းတဲ့ နေ့တနေ့ ဆိုရင်လည်း ပြောလို့ရတယ်။ အဲဒီအချိန် အဲဒီခေတ် အခါက ရဲဘော်တို့ရဲ့ နောင်တော် တွေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ ဖြစ်ခဲ့ ကြရတယ်။ ဒါပေမယ့် ယနေ့ အချိန်ခါမှာတော့ ရဲဘော်တို့ကို ခေါင်းဆောင်နေတဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး တစုရဲ့ မိသားစု ကောင်းစားရေး ၀ါဒကြောင့် ရဲဘော်တို့၊ ငါတို့ ချစ်မြတ်နိုးရတဲ့ မြန်မာ့တပ်မတော်ကြီးဟာ ရဟန်းရှင်၊ ပြည်သူလေးစားတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဟုတ်သေးရဲ့လား ဆိုတာကို ရဲဘော်တို့ ဆန်းစစ် လေ့လာပြီး စဉ်းစားဆုံးဖြတ်ဖို့ အချိန်ရောက်နေပါပြီ။

ရဲဘော်တို့ ယနေ့ခေတ်ဟာ ဂလိုဘယ်လိုက် ဇေးရှင်း (Globalization) လို့ခေါ်တဲ့ ခေတ်ထဲကို ရောက်နေပြီ ဆိုတာလည်း သတိပေး လိုက်ပါတယ်။ ငါတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ၀ါးလုံးခေါင်းထဲမှာ လသာနေလို့ မရတော့ဘူး။ ကမ္ဘာနဲ့ ရင်ဘောင် တန်းနိုင်အောင် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့လိုတယ်။ ကမ္ဘာ့နိုင်ငံများရဲ့ အပယ်ခံ နိုင်ငံတခု အဖြစ်နဲ့ ဆက်လက် ရပ်တည်နေလို့ မရတော့ဘူး။ အာဏာရှင်စနစ် တည်မြဲ ရေးအတွက် မျက်ကန်းမျိုးချစ်စိတ်နဲ့ လုပ်လို့မရတော့ဘူး။ ယနေ့ကမ္ဘာမှာ တချိန်က ငါတို့ရဲ့ နိုင်ငံရဲ့ နောက်က နေခဲ့ကြတဲ့ နိုင်ငံတွေဟာ အခုဆိုရင် ငါတို့ မြန်မာနိုင်ငံထက် အစစ အရာရာ ကျော်တက် သွားကြပြီ။ ငါတို့ မြန်မာနိုင်ငံသားတွေဟာ အဲဒီနိုင်ငံမှာ ကျွန်သွားခံ နေကြရပြီ။ မြန်မာလူမျိုးဆိုတာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ် နေကြရပြီ ဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။ ရဲဘော်တို့ ဒါတွေကို ကယ်တင်နိုင်ဖို့အတွက် နိုင်ငံတကာမှာ မြန်မာလူမျိုးရဲ့ ဂုဏ်သိက္ခာ မြှင့်တင်ဖို့အတွက် ရဲဘော်တို့ဟာ ကယ်တင်ရှင်အဖြစ် ဆောင်ရွက်ပေးနိုင် လိမ့်မယ်ဆိုတာကို ပြည်တွင်း၊ ပြည်ပ မြန်မာ လူမျိုးများနဲ့ နိုင်ငံတကာ မိသားစုများက အားကိုယ်း ယုံကြည်ကြပါတယ်။ ဒါပေမယ့် ရဲဘော်တို့ လက်ရှိ အာဏာရှင် မိသားစု အကာအကွယ်ပေးရေး အာဏာရှင်စနစ် တည်မြဲရေးအတွက် အာဏာရှင် ဖွဲ့စည်းပုံမျိုးနဲ့တော့ မြန်မာနိုင်ငံကို ကယ်တင်လို့ မရနိုင်ဘူးဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။ ရဲဘော်တို့ နည်းလမ်းကတော့ ကမ္ဘာ့ကုလသမဂ္ဂကြီးရဲ့ မေတ္တာရပ်ခံချက်ဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအတိုင်း မလွဲမသွေ သွားရလိမ့်မယ်။ အတုအယောင် ဖွဲ့စည်းပုံမျိုးနဲ့တော့ မရဘူးဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။

ရဲဘော်တို့ ယနေ့ ဗိုလ်ချုပ်ကြီးတွေ ပြောနေတဲ့ နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ အလျဉ်းသင့်လို့ ပြောချင်တယ်။ ၁၉၈၈ ခုနှစ်မတိုင်မီက ငါတို့တပ်မတော်ရဲ့ရန်သူဟာ တရုတ်နိုင်ငံလို့ သတ်မှတ်ခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းကနေ ၁၉၉၆ ခုနှစ်အထိတော့ ရန်သူကို အိန္ဒိယနိုင်ငံကို သတ်မှတ်ခဲ့တယ်။ ၁၉၉၆ ခုကနေ ယနေ့အထိတော့ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံကို ရန်သူလို့သတ်မှတ်ပြီး တပ်မတော်အတွင်း သင်တန်းတွေ၊ လေ့ကျင့်မှုတွေ လုပ်ခဲ့ကြတယ် ဆိုတာကို ရဲဘော်တို့ သိပြီးဖြစ်ပါတယ်။ ရဲဘော်တို့ အဲဒီထဲက အမေရိကန်နဲ့ ပတ်သက်ပြီး ရဲဘော်တို့ကို အသိပေး ချင်တယ်။ ရဲဘော်တို့ရဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ လေ့ကျင့်ခန်းတွေမှာ ဗိုလ်ချုပ်ကြီးတွေက အမေရိကန် မုန်းတီးရေး စိတ်တွေ ပေါ်လာအောင် ဘရိန်းဝပ်ရှ် (Brain Wash) လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင်က အမေရိကန်ကို မျက်နှာလိုမျက်နှာရ လုပ်ခဲ့တာကို အသိပေး လိုပါတယ်။ အမေရိကန်ကို မုန်းရမယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အတွက် အမေရိကန်ရဲ့ စာနာမှုကို ရအောင်ဆိုပြီး အဆင့်မြင့် ၀န်ကြီးတွေကို ကိုယ်တိုင် အမေရိကန် နိုင်ငံကိုလွှတ်ပြီး မျက်နှာချို သွေးခဲ့ကြတယ်။ ဒါ့အပြင် ရဲဘော်တို့ကို ခေါင်းဆောင်နေတဲ့ နိုင်ငံတော် အကြီးအကဲက မိတ်(ဒ်)အင်ယူ အက်(စ်)အေ (Made in USA) အားဆေးမှသောက်လို့ ပို့ပေးရတယ်။ ယူအက်(စ်)အေ (USA)က ဘောက်ဆင်ပွဲကိုမှ ကြည့်ချင်တယ်ဆိုလို့ အပတ်စဉ် ပို့ပေးရတယ်။ ဒုတိယ အကြီးအကဲ ဆိုသူကလည်း မိတ်(ဒ်)အင်ယူအက်(စ်)အေ (Made in USA) အနောက်တိုင်း ၀တ်စုံကိုမှ ၀တ်လို့ နိုင်ငံခြားခရီးစဉ်ရှိတိုင်း ပို့ပေးရတယ်။ အားလုံးကို နိုင်ငံတော်ငွေထဲက စိုက်ထုတ်ပေးရတယ် ဆိုတာကို အသိပေးလိုတယ်။ အဲဒီ ဗိုလ်ချုပ်ကြီးတွေရဲ့ ငွေများကိုတော့ စင်ကာပူနိုင်ငံမှာ သွားသိမ်း ထားတယ်။ ရဲဘော်တို့ ဒီလောက်ဆိုရင် နိုင်ငံတော် ခေါင်းဆောင်တွေရဲ့ ၀ါဒဖြန့်မှုကို သိလောက်ပါပြီ။ ရဲဘော်တို့ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှုးကြီး ဆိုသူက ပြောတယ်၊ မင်းတို့ တရုတ် နိုင်ငံကို ချစ်လို့ပေါင်းနေတယ် ထင်သလား၊ မလွှဲသာလို့ ပေါင်းနေတာတဲ့၊ အိန္ဒိယနိုင်ငံကိုလည်း တရုတ်နိုင်ငံနဲ့ ချိန်ခွင်လျှာညှိဖို့ ဆက်ဆံတာတဲ့၊ ထိုင်းနိုင်ငံကိုကျတော့ သဘာဝ ဓာတ်ငွေ့။ ငါး ဖမ်းခွင့် စတဲ့ စီးပွားရေးမက်လုံးတွေ ပေးပြီးမှ အချိုသပ်ထားရမယ်တဲ့။ ဒါတွေကိုကြည့်ရင် နိုင်ငံတော် ကာကွယ်ရေး ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ် ကြီးတွေရဲ့ ရိုးသား တည်ကြည် ဖြောင့်မတ် မှု မရှိတာကို သိနိုင်ပါတယ်။ ရဲဘော်တို့ ဘယ်နိုင်ငံမှ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဆိုတာ မဖြစ်နိုင် သလို ဘယ်နိုင်ငံမှလည်း မြန်မာနိုင်ငံကို ပြောင်းလဲလို့မရပါဘူး။ တကယ် လုပ်နိုင်တာက ရဲဘော်တို့နဲ့ ပြည်တွင်း၊ ပြည်ပ မြန်မာလူ မျိုးတွေပါ။ အခုချိန်မှာတော့ ရဲဘော်တို့ဟာ အဓိက ကျတဲ့နေရာက ရောက်နေပါပြီ။ ပြည်သူနဲ့ နိုင်ငံတကာကို လိမ်လည် လှည့်ဖျားနေတဲ့ ၀ါဒဖြန့်မှု တွေကိုလည်း အခုလောက်ဆိုရင် ရဲဘော်တို့ သိလောက်ပါပြီ။ ရဲဘော်တို့ နိဂုံးချုပ် အနေနဲ့ ပြောချင်တာကတော့ မြန်မာနိုင်ငံ အာဏာရှင် စနစ်ဆိုး လက်အောက်က လွတ်မြောက်ရေး အတွက် ဖက်ဆစ်စနစ်ကို ရဲဘော်တို့ရဲ့ နောင်တော် စစ်သည်များက တော်လှန်ခဲ့သလို ယနေ့စစ်သည်တို့ အနေဖြင့်လည်း အာဏာရှင် စနစ်ဆိုးကို တော်လှန်ဖို့အတွက် ရဲဘော်တို့က လုပ်လာကြလိမ့်မယ်လို့ ရဟန်းရှင် ပြည်သူ လူထုနဲ့ နိုင်ငံတကာ မိသားစုက မျှော်လင့်နေကြတယ်။ ဘုရားသားတော်တွေ၊ ကျောင်းသားတွေ ကလည်း ကျန်တဲ့ သားတသားဖြစ်တဲ့ စစ်သား တွေကို လက်ကမ်း ကြိုနေကြတယ်။ ကမ္ဘာသူ ကမ္ဘာသား တွေကလည်း မြန်မာနိုင်ငံ လွတ်မြောက်ရေး ၀ိုင်းဝန်းအားပေး နေကြတယ်။ ရဲဘော်တို့ နေ့စဉ်ဆိုနေတဲ့ သစ္စာ ၄ ချက်ထဲက ပထမအချက်ဖြစ်တဲ့…
“ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်” ဆိုတဲ့သစ္စာကို မမေ့ပါနဲ့။ ပြည်သူအင်အား၊ တိုင်းပြည်အင်အား ရှိမှ ငါတို့တပ်မတော် ဆိုတာလည်း အင်အားရှိမှာပါ။ ဒါ့ကြောင့် ငါတို့ရဲ့ မြန်မာနိုင်ငံ တမျိုးသားလုံးရဲ့ အရေးကို ဦးထိပ်ထားပြီး အာဏာရှင် စနစ်ဆိုးကို တော်လှန်ဖို့ အချိန်ရောက်နေပြီ ဆိုတာကို ဒီနေရာကနေ နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။



ဗိုလ်မှုးအောင်လင်းထွဋ်၏ ကိုယ်ရေးအကျဉ်း။
မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၂၀ ဆင်း။
၁၉၇၉-၁၉၈၃ - ခလရ (၈၁) ၌ တာဝန်ထမ်။
၁၉၈၃ ဒီဇင်ဘာ - တပ်မတော်ထောက်လှမ်းရေးသို့ ပြောင်းရွေ့တာဝန်ထမ်း။
၁၉၈၄ - တပ်မတော်ထောက်လှမ်းရေး သင်တန်းကျောင်း၌ ကျောင်းဆရာ။
၁၉၈၇ - အမေရိကန်နိုင်ငံ ၀ါရှင်တန်၌ ထောက်လှမ်းရေးသင်တန်းတက်။
၁၉၉၁-၁၉၉၉ - စစ်ထောက်လှမ်းရေးဌာနချုပ်၌ တာဝန်ထမ်း။
၂၀၀၅ အထိ ၀ါရှင်တန် နအဖသံရုံး၌ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆိုင်ရာ သံအရာရှိနှင့် သံရုံး ယာယီတာဝန်ခံ။
၂၀၀၅ ဧပြီ - အမေရိကန်၌ နိုင်ငံရေးခိုလှုံ။

Read more...

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့