Saturday, January 31, 2009

မစၥတာဂမ္ဘာရီ မြန်မာပြည် လေးရက်ကြာခရီး စတင်

31 January 2009

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ကို စနေနေ့မှာ သွားရောက်မယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စ ဆက်လက် ဆွေးနွေးဖို့ သွားရောက်မှာဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရုံးက ကြေညာပါတယ်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့ အကြံပေးပုဂ္ဂိုလ် ဟာ မြန်မာပြည်မှာ အစိုးရနဲ့ရော သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ပါ ဆက်လက် ဆွေးနွေးဖို့ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တဲ့ အချက်အလက်များနဲ့ ပတ်သက်ပြီးတော့ အခုဆွေးနွေးပွဲမှာလည်းပဲ ပြန်လည် တင်ပြဖို့ ပန်ကြားလိုက်ကြောင်း ကုလသမဂ္ဂ ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သြဂုတ်လက မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ စစ်အစိုးရအား နားချတာ ထိရောက်တဲ့ရလဒ်များ ပေါ်ထွက်မလာလို့ စိတ်ပျက်မိကြောင်း မစ္စတာ ဂမ်ဘာရီ က ပြောဆိုခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သန်းရွှေ ကရော၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပါ မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့ကြပါတယ်။

မြန်မာပြည်မှာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကုလသမဂ္ဂ အထူးသံတမန် ရဲ့ ကြိုးပမ်းမှုက မထိရောက်ဘူးလို့ ဝေဖန်လိုက်ပြီး တိုင်းရင်းသား လူနည်းစု ၁၂ ပါတီတို့ကလည်း သူ့ရဲ့ မြန်မာပြည်ခရီးစဉ် အတွင်း အဓိက အတိုက်အခံ ခေါင်းဆောင်များနဲ့ တွေ့မသွားလို့ ပြစ်တင်ဝေဖန်သွားပါတယ်။

Ref: VOA News

Read more...

စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ (ဦးဝင်းတင်)

NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ် ဖြစ်သည်ဟု ရန်ကုန်မြို့ခံ အချို့က ပြောသည်။

လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေ မပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောသည်။

လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာ လူထုကြီးရဲ့ဆန္ဒနဲ့လည်း အညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့် သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ် ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပ အတိုက်အခံ အဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်း ထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။

၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထု ထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read more...

Friday, January 30, 2009

ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခံ မွန်ပြည်သစ်ကို လက်နက်မချခိုင်းရန် တိုင်းမှူးအာမခံ

ဝီရ / ၃၀ ဇန်န၀ါရီ ၂၀၀၉

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ထပ်မံပြင်ဆင် ဖြည့်စွက်ခြင်းများ မလုပ်ဆောင် ပါလျှင် ၎င်းတို့ ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်နက်ကိုင် အပစ်ရပ် အဖွဲ့အစည်းကြီး တဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ အပါအဝင် မွန်တိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေးပါတီတို့က ပူးပေါင်းပါဝင်မည် မဟုတ်ကြောင်း သိရသည်။

ယခုလ (၁၇) ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံ၌ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်ခဲ့ရာတွင် မွန်ပြည်သူတို့အတွက် အကျိုးရှိသည့် ရွေးကောက်ပွဲ မဟုတ်သောကြောင့် မိမိပါတီအနေဖြင့် ဝင်ရောက် အရွေးခံမည် မဟုတ်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြား မဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်အောင်မငေးက ပြောသည်။

၎င်းက “ကျနော်တို့ပါတီက ဒီအခြေခံဥပဒေမူကြမ်းကို ဖြည့်စွက်တာတွေ၊ ပြင်ဆင်တာတွေ အဆိုပြုတာလည်း နအဖတို့က လျစ်လျူရှု ခဲ့တယ်၊ ပယ်ချခဲ့တယ်။ ပြီးတော့ ဒီဥပဒေမူကြမ်းဟာ မွန်ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ ကျနော်တို့ သုံးသပ်ဆွေးနွေးကြပြီး ပါတီရဲ့ ညီလာခံမှာ ရွေးကောက်ပွဲ မဝင်ရေး ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်တယ်။ နအဖ အနေနဲ့ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးမယ်ဆိုရင် ကျနော်တို့ ပါတီက ဒါကို ပြန်စဉ်းစားပေးမယ်” ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားအခွင့်အရေးအတွက် မြန်မာနိုင်ငံ စစ်အစိုးရ အဆက်ဆက်နှင့် (၃၆) နှစ်ကြာ စစ်ခင်း တော်လှန်ခဲ့ပြီး နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် လွန်ခဲ့သော (၁၄) နှစ်ခန့်က အပစ်အခတ် ရပ်စဲထားသည့် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့၏ လက်အောက်ခံ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကိုလည်း စစ်အစိုးရ လက်အောက်ခံ တပ်အဖြစ် ဝင်ရောက်ခိုင်းသည်ဖြစ်စေ၊ လက်နက်ချခိုင်းသည်ဖြစ်စေ လက်ခံလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့၏ ညီလာခံမှ ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ် (၅) နေရာ အနိုင်ရရှိခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ကလည်း မွန်ပြည်သစ်ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံအားပေးပြီး အကယ်၍ နအဖအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး ဥပဒေမူကြမ်း အသစ်တစ်ရပ် ပြန်လည်ရေးဆွဲမည် ဆိုပါက ပူးပေါင်းပါဝင် မည်ဟု အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငွေသိမ်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

“မွန်ပြည်သစ်ပါတီရဲ့ ယခုလို ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်ချက်ကို ကြိုဆိုတယ်။ ဒီ ၂၀၀၈ အခြေခံ ဥပဒေမူကြမ်းကို မသုံးဘဲ ဥပဒေ မူကြမ်းအသစ် တရပ်အတွက် တိုင်းရင်းသားတွေနဲ့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ နအဖတို့က ဆွေးနွေးပြီး ပြန်လည်ရေးဆွဲကြရင် ကျနော်တို့အဖွဲ့ကလည်း ဝင်ရောက်ပူးပေါင်းမယ်။ ဒီ ၂၀၀၈ ဥပဒေမူကြမ်းကို မပြင်ဆင်သရွေ့တော့ ကျနော်တို့လည်း ၂၀၁၀ မှာ ဝင်ရောက် အရွေးခံမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။

ထို့အတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) နှင့် မွန်သံဃာတော် အရှင်သူမြတ်တို့ကလည်း မွန်ပြည်သစ် ပါတီ၏ ရပ်တည်ချက်ကို ကြိုဆို ထောက်ခံကြသော်လည်း ယင်းရပ်တည်ချက်သည် မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရအကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ် သွားနိုင်သောကြောင့် စိုးရိမ်ကြောင့်ကြနေသည့် ပြည်သူ အများစုလည်း ရှိကြကြောင်း သိရသည်။

မွန်ပြည်သူတို့၏ လေးစားကြည်ညိုခြင်း ခံရသော မွန်ပြည်နယ်မှ ဆရာတော်တပါးကမူ “မွန်ပြည်သစ်ပါတီရဲ့ ယခုလို ရပ်တည်ချက်ကို ထောက်ခံတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ပျက်သွားတဲ့အထိ ဖြစ်သွားရင်တော့ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ အခြေခံပညာရေးဆိုင်ရာ အခွင့်အရေးတွေကိုတော့ ပြန်လည်ဆုံးရှုံးမှာ သေချာတယ်” ဟု မိန့်ကြားသည်။

သို့သော် မွန်ပြည်သစ်ပါတီကမူ အပစ်အခတ်ရပ်စဲရေးကို မိမိတို့ပါတီဘက်မှ အရင် ဖျက်ဆီးရန် အစီအစဉ် မရှိကြောင်းနှင့် အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့ပေါ်လစီ(မူဝါဒ)က မွန်လူမျိုးတွေအတွက် အာမခံချက် တခုခု မရမချင်း လက်နက် မဖျက်သိမ်းဘူး၊ လက်နက်မချဘူး၊ ပါတီကို အဖျက်သိမ်းမခံဘူး။ စစ်အစိုးရဘက်က လက်နက် ဖျက်သိမ်းခိုင်းတာပဲ ဖြစ်ဖြစ်၊ လက်နက်ချ ခိုင်းတာပဲ ဖြစ်ဖြစ် ဖိအားပေးလာရင် အခြား မွန်အဖွဲ့အစည်းတွေနဲ့ မွန်သံဃာတော်တွေ၊ မွန်ပြည်သူလူထုတွေ ဆီက အကြံဥာဏ်တွေကို တောင်းခံပြီး အဲ့ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ပါတီက ဆုံးဖြတ်ချက်ချမယ်” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီအား လက်နက်ချရန်၊ လက်နက်အပ်ရန် ဖိအားပေးမည် မဟုတ်ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင်းက ယင်းပါတီနှင့် နောက်ဆုံး တွေ့ဆုံခဲ့စဉ်က ကတိပေးခဲ့ကြောင်း ကြားသိရသည်။

အပစ်ရပ်တိုင်းရင်းသားပါတီအသိုင်းအဝန်းများမှ လာသောသတင်းအရ ၎င်းတို့တောင်းဆိုနေသော အခွင့်အရေးတို့ကို နောက် တက်လာမည့် အစိုးရတွင်သာ တင်ပြကြရန် လက်ရှိစစ်အစိုးရက ပြန်လည် အကြောင်းပြန်ခဲ့သည်ကို ထောက်ရှုခြင်းဖြင့် စစ်အစိုးရ အနေဖြင့် အပစ်ရပ် အဖွဲ့အစည်းများကို ဤအတိုင်း ဆက်လက် ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်းနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို မဖျက်ဆီးလိုကြောင်း ဆိုကြသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ ကြီးမှူးကျင်းပသော အမျိုးသားညီလာခံသို့ ဗဟို ကော်မတီဝင် အဆင့် တက်ရောက်ခဲ့ရာမှ ၂၀၀၅ ခုနှစ်က စ၍ လေ့လာသူ အဆင့်သာ ဆက်လက် စေလွှတ်ခဲ့သည်။

ခေတ်ပြိုင်

Read more...

ရှမ်းခေါင်းဆောင် ဦးရွှေအုံး ပါတီဖွဲ့မည်

Thursday, 29 January 2009

“ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်” အမည်ဖြင့် နိုင်ငံရေး ပါတီတခု ဖွဲ့စည်း ထူထောင်ရန် အဆင်သင့် ဖြစ်နေပြီဟု ဝါရင့် တိုင်းရင်းသား နိုင်ငံရေး သမားကြီး ဦးရွှေအုံးက ယနေ့ ပြောကြား လိုက်သည်။

စစ်အစိုးရ၏ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ ကာလအတွက် နိုင်ငံရေး ပါတီ ဖွဲ့စည်းမည်ဟူသော အသံတချို့ ထွက်နေချိန်တွင် ဤသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ရှမ်းအဖွဲ့၊ ဗမာအဖွဲ့ အဲဒီလို မဟုတ်ဘူး။ ပြည်ထောင်စုထဲမှာ ရှိတဲ့ တိုင်းရင်းသား အားလုံး စုပေါင်းပြီးတော့ ဖွဲ့မယ့် အဖွဲ့။ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ထောင်စု တခု တည်ဆောက်မယ်။ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မယ်” ဟု ဦးရွှေအုံးက ဧရာဝတီသို့ ပြောပြသည်။

ပါတီ ဖွဲ့စည်းရေးအတွက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့၏ ပါတီ ဖွဲ့စည်းပုံ ဥပဒေ ထွက်လာသည့်အခါ စည်းရုံးရေး စတင်မည်ဖြစ်ကြောင်း ပြောပြသည်။

“ပါတီ ဖွဲ့မယ့် အကြောင်းကိုလည်း ကျနော်တို့ နိုင်ငံတော် အကြီးအကဲဆီ စာတင်ထားပြီးပြီ။ အကြောင်းကြားထားပြီးပြီ။ ကျနော်တို့ လုပ်တော့မယ်” ဟု ဦးရွှေအုံးက ဆိုသည်။ လူမျိုးစုအားလုံး ပါဝင်နိုင်ရန် ဖွဲ့မည်ဟု သိရသည်။

ဖြစ်မြောက်ရေး ကော်မတီတွင် အဖွဲ့ဝင် ၆ ဦးခန့် ရှိပြီး ဦးရွှေအုံး၊ ဦးဌေး (ယခင် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး အဖွဲ့)၊ ဦးတင်အုံး (ယခင် မြောင်းမြမြို့နယ် ဖဆပလ)၊ စိုင်းထွန်းမြင့် စသူတို့ ပါဝင်သည်ဟု သိရသည်။

ဦးရွှေအုံးသည် အသက် ၈၆ နှစ် ရှိပြီဖြစ်သည်။ ဦးရွှေအုံးသည် လွန်ခဲ့သည့် အနှစ် ၂ဝ က တိုင်းရင်းသားနိုင်ငံရေး အဖွဲ့များဖြင့် စုစည်းထားသည့် ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦး ဖြစ်သည်။ နောက်ပိုင်းတွင် စစ်အစိုးရက ထိုအဖွဲ့ကို ဖျက်သိမ်းလိုက်သည်။

၂ဝဝ၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး အတွက် ကုလသမဂ္ဂ ကိုယ်စားလှယ်မှ တဆင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ဖူးသည်။ ထိုစဉ်က ဦးရွှေအုံးသည် ဒေါ်စု၏ ကြေညာချက်ကို ထောက်ခံခဲ့သော ပထမဆုံး မြန်မာ ပြည်တွင်းမှ တိုင်းရင်းသား နိုင်ငံသမားဖြစ်သည်။

အပစ်အခတ် ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အဆိုပါ ကြေညာချက်ကို ကန့်ကွက်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

Ref: ဧရာဝတီ

Read more...

သွေးမြေကျသည့် အိုင်ယာလန်ညီလာခံ အမတ်အချင်းချင်း နဖူးကွဲအောင် တိုက်ပွဲဝင်ပြီးမှ စင်ပြိုင်အစိုးရတိုးချဲ့နိုင်

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးပျက်အောင် ၀န်ကြီးရာထူးနှင့် ကန့်ကွက်မဲဝယ်ဟု စွပ်စွဲ

NEJ / ၂၉ ဇန်န၀ါရီ ၂၀၀၉

မကြာခင်က အိုင်ယာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ညီလာခံ၌ စင်ပြိုင်အစိုးရကို တိုးချဲ့နိုင်ခဲ့သော်လည်း စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စမဲခွဲရာ၌ ၀န်ကြီးရာထူးပေးပြီး ကန့်ကွက်မဲဝယ်ယူမှုများ ရှိခဲ့သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌက ခေတ်ပြိုင်သို့ ပြောသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ညီလာခံတွင် မဲခွဲရာ ကန့်ကွက်မဲ (၁၈) မဲ၊ ထောက်ခံမဲ (၁၅) ဖြင့် ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် ကန့်ကွက်သည့်အုပ်စုဘက်က အနိုင်ရသွားသည်ဟု အမတ်တဦးက ပြောသည်။ ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်နှင့် စိုင်းဝင်းဖေတို့ကလည်း ရာထူးမှထွက်မည်ဆိုပြီး ခြိမ်းခြောက်ခဲ့သည်ဟု ဆက်ပြောသည်။

သို့သော် မူလက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကို အားတက်သရော ထောက်ခံခဲ့သည့် အမတ်အချို့ကို တိုးချဲ့သည့် စင်ပြိုင်အစိုးရတွင် ၀န်ကြီးရာထူးပေးလိုက်သည့်အတွက် ဘက်ပြောင်းသွားသည့် ထိုအမတ်များ၏ ကန့်ကွက်မဲကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ပြောသည်။

တချိန်က စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကမ်ပိန်းကို အားတက်သရော ထောက်ခံခဲ့သူများဖြစ်ပြီး အိုင်ယာလန်ညီလာခံကျမှ ဘက်ပြောင်းပြီး ကန့်ကွက်မဲပေးခဲ့သူ အမတ် (၂) ဦးမှာ တိုးချဲ့စင်ပြိုင်အစိုးရတွင် ပူပူနွေးနွေး ၀န်ကြီးရာထူးသစ် ခန့်အပ်ခြင်းခံရသူများဖြစ်သည့် အမတ် ဦးဝင်းလှိုင်နှင့် အမတ် ဦးထွန်းဝင်းတို့ ဖြစ်သည်ဟု အမည်မဖော်လိုသည့် အမတ်တဦးက ပြောသည်။ အဆိုပါ ဘက်ပြောင်းသွားသည့် အမတ် ၂ ဦးမဲက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စ အနိုင်အရှုံးကို ဆုံးဖြတ်သွားသည်ဟု ဒေါ်စန်းစန်းက ယူဆသည်။ ဘက်ပြောင်းသွားသည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် အမတ် ဦးထွန်းဝင်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီအစဉ်ကို ဒေါက်တာ စိန်ဝင်းခေါင်းဆောင်သည့် ယခင် (၅) ဦး စင်ပြိုင်အစိုးရ (ဟောင်း) က မထောက်ခံခဲ့ပေ။ ထို့ကြောင့် ညီလာခံ မတိုင်မီ် အုပ်စုအားပြိုင်မှုများ၊ မဲဆွယ်မှုများ၊ မဲဝယ်မှုများ ရှိနေသည်ဟု စုံစမ်းသိရသည်။ ညီလာခံမစခင်ကပင် ဒေါက်တာစိန်ဝင်းအုပ်စုက မည်သည့်ကိစ္စ ဆွေးနွေးမည်၊ မည်သည့်ကိစ္စ ကန့်ကွက်မည်ကို ထောက်ခံသူများနှင့် ကြိုတင် စည်းဝါးရိုက်ထားပြီးဖြစ်သည်ဟု ဒေါ်စန်းစန်းက စွပ်စွဲသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး ထောက်ခံသည့် အမတ်အချို့ ၀န်ကြီးဖြစ်တော့မည်ဆိုသည့်သတင်းမှာ ညီလာခံမသွားခင်ကပင် မဲဆောက်နိုင်ငံရေးလောကတွင် သတင်းပျံ့နှံ့နေသည်။ ၀န်ကြီးဖြစ်မည့်သူ တဦးကဆိုလျှင် ဒေါက်တာစိန်ဝင်းကျေနပ်အောင် စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စကို ကန့်ကွက်မှ ဖြစ်မည်ဟုပင် လာပြောကြောင်း ဒေါ်စန်းစန်းက ပြောသည်။

အိုင်ယာလန်တွင် ကျင်းပခဲ့သည့် အမ်ပီယူညီလာခံကာလအတွင်း အမတ်အချင်းချင်း စကားများပြီး ထိုးကြိတ်သတ်ပုတ်ကြသည့်အတွက် သွေးထွက်သံယို နဖူးကွဲပြီး ချုပ်ရသည်ထိ ဖြစ်ခဲ့ကြောင်း ဒေါ်စန်းစန်းက အတည်ပြုပြောသော်လည်း မည်သည့်အမတ်များဖြစ်ကြောင်း ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

သို့သော် ညီလာခံ၌ အမတ် ဦးအောင်ထွန်းစိန်နှင့် အမတ် ဦးထွန်းဝင်းတို့နှစ်ဦး ထိုးကြိတ်မည့် အခြေအနေများထိ ရောက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသော်လည်း မည်သည့်ကိစ္စအတွက် ခိုက်ရန်ဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Ref:ခေတ်ပြိုင်

Read more...

အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ

NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၉

ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာပြီးဖြစ်သည့် နိုင်ငံခြား ကုန်သေတ္တာတင် သင်္ဘောတစ်စီးပေါ်၌ ဘိန်းဖြူ (၃၈) ကီလို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းတာ၊ သင်္ဘောက ကမ်းကနေ ထွက်ပြီ။ ပြန်ကပ်ခိုင်းပြီး ဖမ်းလိုက်တာ။ နဂိုကတော့ ဒီလိုပဲ ဆိပ်ကမ်းရဲ၊ ကျနော်တို့ မူးယစ်အထူးအဖွဲ့က လူကြီးတွေနဲ့ အပေးအယူလုပ်ပြီး ထွက်နေကြလို့ ပြောကြတယ်။ ကျနော်တို့ကတော့ အထက်က ဖမ်းဆို ဝင်ဖမ်းတာပဲ၊ အသေးစိတ်တော့ မသိဘူး” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် သင်္ဘောမှာ KOTA TEGET ဟု အမည်ရသည့် သင်္ဘောဖြစ်ပြီး ACL သင်္ဘောလိုင်းမှဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် သင်္ဘောသားအချို့နှင့် သင်္ဘောတာဝန်ရှိသူများကို ဆိပ်ကမ်းရဲစခန်းတွင် ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စ မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အခြားအရာရှိတဦးကို မေးမြန်းကြည့်ရာ ၎င်းက ယခင်က မြန်မာနိုင်ငံကထွက်သည့် ဘိန်းဖြူများမှာ ထိုင်းနယ်စပ်မှတဆင့် ကမ္ဘာ့ဈေးကွက်ဆီသို့ ရောက်ကြောင်း၊ ထိုင်းနိုင်ငံတွင် တပ်ဆင်အစိုးရ တက်လာပြီးနောက်ပိုင်း မူးဆေးဝါးကိစ္စ ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်း၊ မြန်မာနိုင်ငံ နယ်စပ်များကို တင်းကြပ်ခြင်းတို့ လုပ်လာသည့်အတွက် ရေလမ်းကြောင်း အသုံးပြုကာ ရန်ကုန်မှ စင်ကာပူဘက်ထွက်ပြီး နိုင်ငံတကာ ရေပိုင်နက်အရောက်၌ နိုင်ငံခြားသင်္ဘောပေါ် ပြောင်းတင်ပေးသည့်နည်းကို ကျင့်သုံးခဲ့ကြကြောင်း၊ အဆိုပါ လမ်းကြောင်းဖြင့် နိုင်ငံတကာသို့ ဘိန်းဖြူမြောက်မြားစွာ၊ အခေါက်ပေါင်းများစွာ တင်ပို့ခဲ့သော်လည်း မည်သည့်ပြဿနာမှ မပေါ်ခဲ့ကြောင်း ပြောသည်။

သို့သော် ပြီးခဲ့သည့်ကာလက စက်လှေတစ်စီးအတွင်း လူသတ်မှုဖြစ်ရာမှ မြန်မာ့မူးယစ်ဆေးဝါး ကုန်ကူးမှု သမိုင်း၌ ပမာဏအများဆုံး ဘိန်းဖြူဖမ်းဆီးမှုကြီး ပေါ်ပေါက်ခဲ့ပြီး အဆိုပါအမှုသည်လည်း မူးယစ်အဖွဲ့များက စုံစမ်း၍့ ရခြင်းမဟုတ်ဘဲ လူသတ်မှုကြောင့် မီးခိုးကြွက်လျှောက် ပေါ်သွားသည့် အမှုဖြစ်သည်ဟုလည်း အဆိုပါ အရာရှိက ပြောသည်။

၎င်းက “မိမိတို့ မူးယစ်အထူးအဖွဲ့တွေဆိုတာ အောက်ခြေ မူးယစ်ဆေးဝါး သုံးစွဲသူတွေလောက်ကိုသာ ဖမ်းဆီးနိုင်ပြီး ကျန်တာတွေကတော့ အထက်က အမိန့်မပေးရင် ဘာမှ လုပ်ပိုင်ခွင့်မရှိကြောင်းလည်း” ဆက်ပြောသည်။

ယခုပြဿနာမှာ လာဘ်ပေးလာဘ်ယူ မတည့်မှုပြဿနာက စပြီး ဖမ်းဆီးရသည်အထိ ဖြစ်သွာခြင်း ဖြစ်နိုင်ကြောင်း၊ ယခင် အေးရှားဝေါလ် ဆိပ်ကမ်းကနေ ဘိမ်းဖြူပမာဏ မည်မျှ ထွက်သွားသည်ကို မည်သူမျှ မသိနိုင်ကြောင်း စသဖြင့် ရှင်းပြသည်။
၂ဝဝ၈ ခုနှစ်အတွင်း မြန်မာပြည်တွင်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ပမာဏသည် ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက နည်းပါးကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Ref: ခေတ်ပြိုင်

Read more...

ဂါဇာနယ်ခြား ဖွင့်ပေးဖို့ အစ္စရေးလ်ကို အမေရိကန်သံတမန် တောင်းဆို

30 January 2009

အမေရိကန်သမ္မတသစ် ဘရက်ခ် အိုဘားမား (Barack Obama) က အမေရိကန်နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန်အဖြစ် မကြာခင်ကပဲ ခန့်အပ်လိုက်တဲ့ မစ္စတာ ဂျော့ခ်ျ မစ်ချဲလ် (George Mitchell) ဟာ လောလောဆယ် အရှေ့အလယ်ပိုင်းဒေသကို ခရီးထွက်နေပါတယ်။ မစ္စတာမစ်ချဲလ်ရဲ့ အဓိကတာဝန်ကတော့ အစ္စရေးလ်နဲ့ ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းရေး အဖြေရှာနိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် မစ္စတာမစ်ချဲလ် အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့အချိန်မှာပဲ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား တိုက်ပွဲသစ်တွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် လူးဝစ္စ ရာမီရက်ဇ် (Luis Ramirez) သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ်တို့က အစ္စရေးလ်ဘက်ကို နောက်ထပ် အမြောက်တွေ ပစ်လိုက်ပါတယ်။ ဒါဟာ ဒီရက်အတော အတွင်းမှာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒါကို အစ္စရေးလ်တို့ဘက်က ဂါဇာတောင်ပိုင်းဒေသကို လေကြောင်းတိုက်ပွဲနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။ လက်နက်တွေထားရှိတဲ့နေရာကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူတဦး သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း အရာရှိတွေက ဆိုပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားက ခန့်အပ်ထားတဲ့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာမစ်ချဲလ် ဒေသတွင်း ခရီးပြုနေတုန်း ခုလို တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အစ္စရေးလ်ခေါင်းဆောင်တွေနဲ့ တွေ့ပြီးနောက် မစ္စတာမစ်ချဲလ်ဟာ ဂျော်ဒန်မြစ်အနောက်ဘက် West Bank မှာရှိတဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်ဒ် အဘတ်စ် (Mahmoud Abbas) နဲ့ တခြား ပါလက်စတိုင်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ West Bank ရဲ့မြို့တော် ရာမာလာ (Ramallah) မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ မစ္စတာမစ်ချဲလ်က အစ္စရေးလ်တို့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသက နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

“ဂါဇာဒေသမှာရှိတဲ့ တရားမ၀င် လက်နက်ခိုးသွင်းမှုကို အောင်မြင်စွာ ကာကွယ်နိုင်ဖို့အတွက် တရားဥပဒေနဲ့ကိုက်ညီတဲ့ ကုန်ပစ္စည်း တွေကိုလည်း သယ်ယူပို့ဆောင်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ အဲသလို အခွင့်ပေးတဲ့အခါမှာလည်း ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ အခန်းကဏ္ဍလည်း ပါဝင်သင့်ပါတယ်။”

အစ္စရေးလ်တို့က ဟားမတ်စ်တို့အနေနဲ့ သူတို့ ၂၀၀၆ ခုနှစ်တုန်းက ဖမ်းထားတဲ့ အစ္စရေးလ်စစ်သားတဦးကို ပြန်မလွှတ်ပေးသ၍ ဂါဇာဒေသရဲ့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးဖို့ စဉ်းစားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ မစ္စတာမစ်ချဲလ်ရဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ခရီးစဉ်မှာ ဟားမတ်စ် ကိုယ်စားလှယ်တွေနဲ့တော့ မတွေ့ခဲ့ပါဘူး။

ဂါဇာမြို့က ဗွီအိုအေသတင်းထောက် မိုဟာမက်ဒ် ဒါဝပ်စ် (Mohammed Dawwas) ရဲ့ အဆိုအရ ဂါဇာဒေသခံ တွေအနေနဲ့ အမေရိကန်သံတမန်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး သိပ်မမျှော်လင့်ကြဘူးလို့ အခုလိုပြောပါတယ်။

“သူတို့မှာ အရင်က အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ အထူးသံတမန်တွေ ဒီကို ခဏခဏ လာနေကြပေမယ့် ဘာတခုမှ မပြောင်းလဲဘူး။ ပါလက်စတိုင်းကိစ္စကို ဖြေရှင်းဖို့ ခန့်အပ်ထားတဲ့ ဘယ်အမေရိကန် အထူးသံတမန်ကမှ ခုချိန်ထိ ဘာကိုမှ အောင်မြင်အောင် မစွမ်းဆောင်နိုင်သေးဘူး။ ဂါဇာက လူအများကတော့ မစ္စတာမစ်ချဲလ်ရဲ့ ခရီးစဉ်အပေါ် ယုံကြည်မှုမရှိကြတာကတော့ အမှန်ပါပဲ။”

တချိန်ထဲမှာပဲ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီရာ (Ismail Haniyeh) က အစ္စရေးလ်တို့ရဲ့ ၂၂ ရက်ကြာ ထိုးစစ်ဆင်ပွဲ ရပ်ဆိုင်းခဲ့ပြီးနောက် အာရပ်စကားပြော အယ်လ်-ဂျာဇီးယား သတင်းဌာနနဲ့ ပထမဆုံးအကြိမ် အမေးအဖြေ လုပ်ခဲ့ပါတယ်။

သူ အာရပ်ဘာသာစကားနဲ့ ပြောသွားတာကတော့ အမေရိကန်ဟာ အာရပ်ကမ္ဘာနဲ့ ပဋိပက္ခဖြစ်ဖို့ မလိုလားပါဘူး။ အမေရိကန် သမ္မတသစ်အနေနဲ့ သမ္မတဟောင်းရဲ့ မူဝါဒတွေကို ပြောင်းလဲပစ်လိုက်မယ်လို့ မျှော်လင့်တယ်။ ဟားမတ်စ်တို့ရဲ့ အဓိကပန်းတိုင်ကတော့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ထိန်းချုပ်ထားတဲ့ ပြိုင်ဘက် ဖာတာအုပ်စုနဲ့ ပြန်လည်ရင်ကြားစေ့ရေးဖြစ်တယ်လို့ ပြောသွားပါတယ်။

ဟားမတ်စ်တို့ဟာ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို ဖာတာတို့လက်ထဲက အတင်းအကျပ် သိမ်းယူထိန်းချုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟားမတ်စ်အုပ်စုရဲ့ ပဋိညာဉ်ထဲမှာ အစ္စရေးလ်နိုင်ငံကို ဖျက်ဆီးပစ်ဖို့ဆိုတာ ပါရှိပါတယ်။ အစ္စရေးလ်တို့ကို ဟားမတ်စ်တို့က အမြောက်နဲ့ နှစ်နဲ့ချီပြီး ပစ်တာတွေကို ရပ်တန့်ဖို့ အစ္စရေးလ်တို့က ၂၂ ရက်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ဟားမတ်စ်တို့က အစ္စရေးလ်ဘက်ကို အမြောက်နဲ့ ဆက်ပစ်နေဦးမယ်ဆိုရင် အစ္စရေးလ်တို့က နောက်ထပ်တိုက်ပွဲတွေ ဆင်နွှဲဖို့ အသင့်ပဲလို့ ဆိုပါတယ်။

Ref: VOA News

Read more...

တနေ့တည်း ဂျာနယ်အသစ် (၄) စောင်ထွက်

NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၉

ဇန်နဝါရီ (၂၉) တနေ့တည်း ဂျာနယ်အသစ် (၄) စောင်ထွက်ပေါ်လာပြီး အချို့ဂျာနယ်များ ထူးခြားမှုရှိကြောင်း ဂျာနယ်လောကသားများက ပြောပြကြသည်။

အဆိုပါ ဂျာနယ်များမှာ Northern Star, Popular News, Phoenix နှင့် ဘုန်းရောင် ဂမ္ဘီရ ရသဂျာနယ်တို့ ဖြစ်ကြပြီး Northern Star ဂျာနယ်မှာမူ နိုင်ငံရေးအသားပေး ဂျာနယ်ဖြစ်ကြောင်း သိရသည်။

သတင်းဂျာနယ် အယ်ဒီတာတဦးက “အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကို ဂျာနယ်ထုတ်ဖို့ လျှောက်ထားသူတွေ အများကြီးပဲ။ ချမပေးဘူး။ အထူးသဖြင့် သတင်းဂျာနယ်ဆိုရင် ချမပေးဘူး။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးက သဘောကျရင်၊ ထိပ်ပိုင်း စစ်အာဏာပိုင် အသိုင်းအဝန်းနဲ့ နီးစပ်ရင်၊ ကျနော်တို့အခေါ် ပိုင်ရင်တော့ ချပေးတယ်။ ဒီလောကမှာ သတင်းဂျာနယ်အသစ် ချပေးဖို့ နေနေသာသာ ထုတ်ဝေနေတဲ့ ဂျာနယ်ကို စာမျက်နှာတိုးပြီး ထုတ်ချင်ပါတယ်လို့ တင်ပြတာတောင် ခွင့်ပြုချက် မပေးဘူး” ဟု ပြောသည်။

လက်ရှိ ထုတ်ဝေသည့် ဂျာနယ်များအနက် Northern Star ဂျာနယ်သည် နိုင်ငံရေးအသားပေး ဂျာနယ်ဖြစ်ကြောင်း ကြေညာထားချက်နှင့်အညီ နိုင်ငံရေးအကြောင်းအရာများကို အဓိကထား ဖော်ပြထားသည်ကို တွေ့ရသည်။

နိုင်ငံရေးအကြောင်းအရာများကို ဖော်ပြထားသည်ဆိုသော်လည်း စစ်အစိုးရနှင့် စစ်အစိုးရ၏ လမ်းပြမြေပုံ (၇) ချက်ကို ထောက်ခံသည့် သတင်း၊ ဆောင်းပါးများ၊ အန်အယ်လ်ဒီနှင့် အတိုက်အခံ နိုင်ငံရေးပါတီအုပ်စုများကို ရှုတ်ချ၊ အပုတ်ချသည့် သတင်းနှင့် ဆောင်းပါးများကိုသာ ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါ ဂျာနယ်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ ကာလများတွင် ကြံ့ဖွံ့အသင်းအတွက် ရည်ရွယ်၍ အယ်ဒီတာချုပ်အဖြစ် ဦးသီဟအောင်က ဆောင်ရွက်ပြီး အငြိမ်းစားဗိုလ်မှူးဝင်းတင်က ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျာနယ်နှင့် ပတ်သက်၍ ဝါရင့်သတင်းစာဆရာကြီးတဦးက ၁၉၈၈ စစ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်း စစ်ထောက်လှမ်းရေး၊ ကြံ့ဖွံ့နှင့် နိုင်ငံရေးဇာတ်ပျက်များ ထုတ်ဝေခဲ့ကြသည့် ဂျာနယ်၊ မဂ္ဂဇင်း များစွာ ရှိခဲ့ကြောင်း၊ စစ်အစိုးရကောင်းကြောင်း၊ အတိုက်အခံနှင့် ဒီမိုကရေစီ အင်အားစုအပါအဝင် ပြည်သူများ ဆိုးကြောင်း တဖက်သတ် ဝါဒဖြန့် ရေးသားခဲ့ကြသည့်အတွက် စာဖတ်သူများ၏ အားပေးမှုမရဘဲ အချိန်တိုအတွင်း ရပ်ဆိုင်းသွားကြကြောင်း၊ ယခုလည်း ယခင်ပုံစံဟောင်း နိုင်ငံရေးဂျာနယ်ဖြစ်ခြင်းကြောင့် ပြည်သူများ၏ အားပေးမှု မရဘဲ မကြာမီ ရပ်ဆိုင်းသွားနိုင်ကြောင်း ဝေဖန်ပြောကြားသည်။

Popular News ဂျာနယ်မှာမူ ယခင် Popular ဂျာနယ်တိုက်ကပင် ထုတ်ဝေပြီး ပိုင်ရှင်က သေဆုံးသွားပြီဖြစ်သည့် ယခင် နအဖ အတွင်းရေးမှူး (၃) ဒု-ဗိုလ်ချုပ်ကြီးဝင်းမြင့်၏ သမီး ဖြစ်သည်။

အဆိုပါ ဂျာနယ်နှင့်ပတ်သက်၍ သတင်းဂျာနယ် အယ်ဒီတာတဦးက စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက Popular News ဂျာနယ်ကိုလည်း လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရကို ထောက်ခံသည့် ဂျာနယ်တစောင်အဖြစ် ရပ်တည်နိုင်အောင် ထုတ်ဝေခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ အဆိုပါဂျာနယ်ကို ဒု-ဗိုလ်မှူးကြီးဟောင်း ကိုကိုလှိုင်၊ မြသန်းစံ စသည့် စစ်အစိုးရကို ထောက်ခံ ဝါဒဖြန့်နေကြသည့် စစ်အရာရှိဟောင်းများနှင့် နေ့စဉ် သတင်းစာလုပ်ခဲ့သူများ ပါဝင်လုပ်ကိုင်နေကြပြီး စာပေစိစစ်ရေးကိုလည်း အလွန်သြဇာရှိကြောင်း၊ ၎င်းတို့ ဂျာနယ်တွင် ဖော်ပြထားသည့် ဆရာမောင်ဝံသ၏ နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး ဆိုသည့် ဆောင်းပါးသည် မိမိတို့ ဂျာနယ်၌ ဖော်ပြရန် တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရသည့် ဆောင်းပါးဖြစ်ကြောင်း၊ မိမိတို့ ဂျာနယ်က စာပေစိစစ်ရေးကို တယ်လီဖုန်းဖြင့် အကြောင်းကြားပြီး ခွင့်ပြုချက်တောင်းခံနိုင်သည့် တခုတည်းသော အခွင့်ထူးရ မီဒီယာဖြစ်ကြောင်း၊ Popular မှာမူ စာပေစိစစ်ရေးကို မိမိတို့ထက်ပင် ပိုသြဇာရှိသည့်ကို တွေ့ရကြောင်း ပြောသည်။

ကျန်ဂျာနယ်နှစ်စောင်အနက် Phoenix ဂျာနယ်သည့် ရုပ်ရှင်၊ တေးဂီတ အသားပေး ပေါ့ပ်ဂျာနယ်ဖြစ်ပြီး ဘုန်းရောင်ဂျာနယ်မှာမူ ဂမ္ဘီရလိုင်း ဂျာနယ်ဖြစ်သည်။

စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဂျာနယ်အသစ် (၆) စောင်နှင့် မဂ္ဂဇင်းအသစ် (၆) စောင် ထုတ်ဝေခွင့်ပြုထားကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: ခေတ်ပြိုင်

Read more...

ဖွံ့ဖြိုးရေးလုပ်ငန်းပြပြီး နအဖက ရခိုင်ပြည်နယ်စည်ရုံး

မင်းနိုင်သူ/ ၂၉ ဇန်န၀ါရီ ၂၀၀၉

ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးမည်ဆိုသော နအဖ၏ ပြောဆိုမှုသည် ၂၀၁၀ အကြိုစည်းရုံးမှုတခုသာဖြစ်ပြီး အစစ်အမှန်မဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်များတွင် နေ့ခင်း လျှပ်စစ်မီးလုံးဝမရဘဲ ညပိုင်းတွင်လည်း ညနေ (၇) နာရီမှ (၁၀) နာရီထိသာ လျှပ်စစ်မီးရရှိနေမှုကို (၁၆) နှစ်ကျော်ကြာမြင့်စွာ လျစ်လျူရှုထားခဲ့ပြီး ယခုမှ အပူတပြင်း တည်ဆောက်ရေးလုပ်ငန်းခွင်များ ချပြနေခြင်းမှာ ရွေးကောက်ပွဲအကြို စည်းရုံးမှုတခုသာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဦးဇင်းတို့ကတော့ မယုံပါဘူး။ ဒါတွေက သူတို့ စည်းရုံးရေးလုပ်နေကြတာပေါ့။ စက်တင်ဘာ အရေးအခင်းမှာလည်း ရခိုင်က တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတယ်။ နောက် ရခိုင်ဒီချုပ်ကလည်း အခြေခံဥပဒေကို မထောက်ခံဘူးလို့ပြောထားတော့ သူတို့ ဒေသခံတွေကို လာစည်းရုံးနေတာပေါ့။ မီးမလာတာ ကြာလှပေါ့။ ဦးဇင်းတို့ စာသင်သားတွေဆို နေ့ဆွမ်းစားပြီးတာနဲ့ စာဝါတက်ကြရတာ။ တခြားမြို့တွေမှာလို ညပိုင်းစာဝါ မပို့ချနိုင်ဘူးလေ။ မီးမှမရတာကိုး။ စာကျက်စာအံစရာရှိလည်း နေ့ခင်းမှပဲ လုပ်ကြရတယ်။ စစ်တွေမြို့က ပြည်နယ်မြို့တော်ဆိုပေမယ့် တခြားပြည်နယ်မြို့တွေထက်စာရင် အများကြီး အဆင့်အတန်း နိမ့်တယ်” ဟု စစ်တွေသံဃာတော်တပါးက မိန့်သည်။

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် စပါးခွံဖြင့် လျှပ်စစ်ထုတ်လုပ်မှုမှ ရယူသုံးစွဲနေကြရပြီး တယူနစ်လျှင် (၄၀၀) ကျပ်နှုန်းပေးဆောင်နေကြရကြောင်း ဒေသခံများက ပြောသည်။ စစ်တွေ-ရန်ကုန်သွားကားလမ်းမှာ လည်း ပျက်စီးနေပြီး ပြုပြင်ပေးမှုမရှိကြောင်း သိရသည်။

စစ်တွေမြို့သို့ နအဖ၀န်ကြီးချုပ် ဇန်န၀ါရီ (၂၄) ရက်တွင် သွားရောက်ခဲ့ရာ အစိုးရ၀န်ကြီး အများအပြား လိုက်ပါသွားခဲ့ကြရသည်။ ၎င်းတို့က စစ်တွေတပ်နယ် ခန်းမတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရထားလမ်းဖောက်လုပ်ရေး၊ ရေအားလျှပ်စစ်စီမံကိန်းများ လုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ ကြသည်။

စစ်တွေမြို့ခံတဦးက “မိမိတို့ တပ်မတော်အစိုးရသည်တဲ့ မည်သို့ပင် အခက်အခဲရှိရှိ စီးပွားရေးတွက်ခြေကိုက်မှု မကိုက်မှုမကြည့်ဘဲ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ပေးပါတယ်တဲ့။ ဘာလဲဗျာ။ အစိုးရက အစိုးရအလုပ်လုပ်ရတာကို ဘာတွေလာပြီး စီးပွားရေးတွက်ခြေကိုက်တာတွေ၊ မကိုက်တာတွေ လာပြောနေတာလဲ။ ဘယ်အစိုးရ လက်ထက်မှာမှ အိပ်မက်တောင်မမက်ဖူးတဲ့ စစ်တွေ-ရန်ကုန် လမ်းမကြီးတဲ့။ ဆိုးလိုက်တဲ့လမ်း ရန်ကုန်ရောက်ဖို့ (၄) ညအိပ်ရတယ်။ ဒီကြားထဲ လေယာဉ်လက်မှတ်ခ ဈေးတက်လိုက်သေးတယ်” ဟု ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တဦးကလည်း “ဒါတွေကတော့ လုပ်ပေးနိုင်ရင် ကောင်းပါတယ်။ သို့သော် မြန်မာပြည်မှာကတော့ လူတွေပြောနေကြတာ ရှိတယ်ဗျာ။ လျှပ်စစ်ဝါယာစကိုင်မိရင် ဓာတ်မလိုက်ဘူး။ သတင်းစာကိုင်မှ ဓာတ်လိုက်တယ်ပေါ့လေ။ ရခိုင်မှာလည်း ဒီလိုပြောခဲ့တာပါပဲ။ ကားလမ်းတွေ ဘာတွေ ဖောက်တယ်ဆိုတာကလည်း သူတို့စစ်မဟာဗျူဟာကြောင့် ဖောက်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်ဘက်မှာ ဓာတ်ငွေ့ပိုက်လိုင်းတွေ ရှိလာတော့ ဒါတွေကို ကာကွယ်ဖို့အတွက်က တကြောင်း၊ နောက်အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုင်နက်အငြင်းပွားရတာမျိုးတွေ ဖြစ်လာရင် သူတို့ စစ်တပ်တွေ အလျင်အမြန် ရွေ့လျားနိုင်အောင် ဖောက်ထားတာပါပဲ။ မဟာဗျူဟာလမ်းလို့ပဲမြင်ပါတယ်။ ရခိုင်ပြည်သူတွေ အကျိုးအတွက် ဖောက်တယ်လို့မမြင်ပါဘူး။ တကယ်ပဲ စေတနာရှိတယ်ဆိုရင် အရင်ကတည်းက လမ်းဖောက်သင့်တာပဲဗျာ။ အခုက ရခိုင်ကမ်းလွန်မှာ သဘာဝဓာတ်ငွေ့တွေ့၊ ရေနံတွေ့ပြီဆိုမှ ထဖောက်တာပဲ” ဟု သုံးသပ်ပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read more...

Thursday, January 29, 2009

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၉)

ဆောင်းပါးရှင် - ဒုဗိုလ်မှူးကြီး ကြည်ဆွေ

ဦးနေ၀င်းဟာ သူ့ထွက်ပေါက် ရဖို့အတွက် သူ့ရဲ့  တပည့်တွေကို ချနင်းပြီးမှ တက်လာရပုံကို စစ်ဖက်နီးစပ် သူများရဲ့  ဖြည့်စွက် တင်ပြထားချက်တွေနဲ့ အတူ စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ဒုဗိုလ်မှူးကြီး ကြည်ဆွေရဲ့  ရေးသားချက်ကို စုံစုံလင်လင် ဒီကနေ့ တင်ပြ လိုက်ရပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူး ရခါစမှာ ဗိုလ်နေ၀င်းဟာ ဒေါ်ခင်မေသန်းကို လင်ကြီး ငုတ်တုတ် ရှိလျှက်နဲ့ ရအောင် ယူခဲ့သူ ကြာကူလီ ဖြစ်ပြီး လက်ထပ်ပွဲမှ ပြန်လာတဲ့ ဗိုလ်နေ၀င်းကို သတင်းထောက် တစ်ဦးက ဓာတ်ပုံရိုက်တာကို ဒေါပွ ထိုးကြိတ်ကာ ကင်မရာကို လွှင့်ပစ်ခဲ့ပါတယ်။ ဒါတင်မက ဗိုလ်နေ၀င်းဟာ ခြေစင်္ကြာ ဖြန့်ကာ “နှာထ” ပြီး အဆိုတော် ရုပ်ရှင် မင်းသမီး မဖြစ်တဖြစ် နံမည် (၃) လုံးနဲ့ မင်းသမီးရဲ့  အမေကို သွားရောက် ရှုပ်ထွေးခဲ့ပြန်ပါတယ်။ ထိုစဉ်က အဲဒီ အမျိုးသမီးဟာ မယ်မြန်မာ ရခဲ့သူပီပီ ဗိုလ်နေ၀င်းက ရွှေဘောတော်ကျပြီး အ၀င်အထွက် စိပ်လာတာမို့ ဦးနု (၀န်ကြီးချုပ်) က သူ့ကိုဖယ်ရှားဖို့တောင် ကြံစည်နေပြီ ဖြစ်ပါတယ်။ ဒေါ်ခင်မေသန်းကလည်း ဦးနု အိမ်ကို ချောင်းပေါက်မတတ် ၀င်ထွက်နေရပြီး လင်တောင်မောင်ရဲ့  ဇာတ်လမ်းကို ဖုံးဖုံးဖိဖိ လုပ်ပေးဖို့ တောင်းပန် တိုးလျှိုးခဲ့ပါတယ်။ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲမှာ တကယ်တော့ ဗိုလ်နေ၀င်းဟာ ဦးနု ပါတီကို မကြိုက်ဘဲ ဦးကျော်ငြိမ်းနှင့် ဦးဗဆွေပါတီ ကိုသာ ထောက်ခံပေမဲ့ ပေါ်တင် မကြေညာရဲဘဲ သူ့ တပ်မှူးကြီးများကိုတော့ ဘက်လိုက်တယ်လို့ စွပ်စွဲပြီး ဗိုလ်အောင်ရွှေ၊ ဗိုလ်မှူးကြီး ကြည်မောင် အပါအ၀င် တပ်မှူးများကို ဖြုတ်ပစ်ခဲ့သူ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ပေးမှုကြောင့် ဗိုလ်နေ၀င်းရဲ့  အကျင့်စာရိတ္တ ဖောက်ပြန်မှုကို ဦးနုက လစ်လျူရှူ ပေးခဲ့ရပါတယ်။ တပ်မှူးများက အာဏာသိမ်းဖို့ စီစဉ်ပေးရန် ကြိုးစားချက် အပေါ် ဗိုလ်နေ၀င်းက သူမသိသလို မသိချင် ယောင်ဆောင်နေတဲ့ မရိုးသားမှု စိတ်ဟာ ကြီးမားလှကြောင်း တပ်မှူးကြီးတွေ ပြန်ပြောချက်အရ သိရှိရပါတယ်။

ဗိုလ်နေ၀င်းဟာ တက္ကသိုလ် ပညာတတ်များနှင့် ပတ်သက်ရင် အကောင်းမြင်တတ်ခြင်း မရှိခဲ့ကြောင်းကိုလည်း သိရပါတယ်။ သူဟာ တော်လှန်ရေး အစိုးရလက်ထက်မှာ တောင်သူလယ်သမား၊ အလုပ်သမား လူတန်းစား များကို စည်းရုံးရန် ကြိုးစားခဲ့ပြီးနောက် တက္ကသိုလ် ပညာတတ် အသိုင်းအ၀ိုင်းကိုလည်း စည်းရုံးရန် ကြိုးစားခဲ့ပါတယ်။ ထိုသို့ ကြိုးစားရင်း တက္ကသိုလ် ဆရာများအား အလုံအိမ်တော်၌ ညစာစားပွဲ ပြုလုပ်ပေး ခဲ့ပါတယ်။ တက္ကသိုလ် ဆရာအများစုဟာ မိမိတို့ လစာကို ခြိုးခြံသုံးစွဲပြီး ရုန်းကန် လှုပ်ရှားနေရသူများ ဖြစ်တာကြောင့် အဲဒီလို ညစာစားပွဲမျိုးနဲ့ ကြုံတဲ့အခါ ပျော်ပျော်ပါးပါး သောက်စားခဲ့ကြပါတယ်။

ညစာ စားပွဲပြီးတဲ့အခါ ယဉ်ကျေးမှု အဖွဲ့က ဧည့်ခံဖျော်ဖြေတဲ့ အချိန်မှာတော့ ခပ်မူးမူးနဲ့ ပွဲကြည့်ခဲ့ရသူများ ရှိခဲ့ပါတယ်။ ဆရာတစ်ဦး ခပ်မူးမူးနဲ့ ဒေါ်ခင်မေသန်းရဲ့  ခုံနောက်မှ ထိုင်ပြီး ပွဲကြည့်ရင်း တံတွေး တပြစ်ပြစ် ထွေးခဲ့ရာ ဒေါ်ခင်မေသန်းသို့ မတော်တဆ စင်သွားခဲ့ပါတယ်။ ပွဲပြီးတာနဲ့ ဗိုလ်နေ၀င်းက အလွန်ဒေါပွပြီး အဲဒီ ဆရာအား လက်သီးဖြင့် ထိုးပါတော့တယ်။ အဲဒီတုန်းက ဒုဗိုလ်မှူးကြီး ဖြစ်တဲ့ ဗိုလ်မှူးချုပ် တင်ဦးက ဗိုလ်နေ၀င်းအား လက်လွန်မသွားအောင် သူ ဆုံးမမဲ့အကြောင်း၊ ဗိုလ်နေ၀င်း အနားယူပါလို့ ပြောပြီး ထိန်းပေး နိုင်ခဲ့ကြောင်း သိရပါတယ်။

နောက်ဖြစ်စဉ်တစ်ခု တင်ပြရရင် မဆလ အာဏာရှင် အစိုးရ လက်ထက်က အင်းယားလိပ်ဟိုတယ် နိုက်ကလပ်ပွဲမှာ ဦးနေ၀င်းရဲ့ သမီးတွေ ဂျပန်စစ်သံမှူးနဲ့ ပွတ်သဘင် ဆင်နွှဲနေတုန်း ဦးနေ၀င်း သိရှိသွားကာ ရုတ်တရက် ရောက်ရှိလာပါတယ်။ ဦးနေ၀င်းဟာ သူ့သမီးတွေကို မနိုင်တိုင်း ဂျပန်စစ်သံမှူးနဲ့ ဧည့်သည်တွေကို ထိုးကြိတ်ပြီး တီးဝိုင်းက ဘင်တွေကို ထိုးဖေါက်ကာ သောင်းကျန်းခဲ့ပါတယ်။ အရင်းစစ်တော့ ကုန်သွယ်ရေးဝန်ကြီး ဦးစံဝင်းကို နောက်နေ့ချက်ချင်း အပြစ်ပုံချကာ ရာထူးက ဖြုတ်ပစ်လိုက်ပါတယ်။ အဲဒီနောက်တော့ ဦးစံဝင်းလည်း ဘင်စံဝင်းလို့ နံမည်တွင် သွားပါတော့တယ်။

ဦးနေ၀င်းဟာ သူ့ကျတော့ ပျော်ရွှင်မြူးတူးဖို့ ဆိုရင် တာဝန်ကို ပစ်ပယ်ပြီး လုပ်ချင်ရာ လုပ်တတ်တဲ့ ဖြစ်စဉ်တစ်ခု ကိုလည်း တင်ပြပါအုံးမယ်။ ဂျပန်ခေတ်က ဦးနေ၀င်းအား စစ်ရုံးစစ်ထောက် ဌာနသို့ ဗိုလ်ချူပ်အောင်ဆန်းက မကြိုက်လို့ ပို့ဆောင် ဖယ်ရှားလိုက်ပါတယ်။ ဦးနေ၀င်းဟာ မော်လမြိုင်သွားမဲ့ လှေတစ်စီးကို တပ်ရိက္ခာနဲ့ အရက်များ တင်ဆောင်ပြီး ပဲ့နင်းကြီးကို ဖိအားပေးကာ စိတ်လွတ်ကိုယ်လွတ် ပျော်ပါးခဲ့ပါတယ်။ ပဲ့နင်းကြီးက လှေပေါ်ရှိ လှေထိုးသားများကို အရက်မတိုက်ရန် ဦးနေ၀င်းအား ပြောဆို သတိပေးခဲ့သော်လည်း နားမထောင်ဘဲ ဇွတ်တိုက်ခဲ့လို့ မူးယစ်ကာ လမ်းလွဲပြီး ပုသိမ်တ၀ိုက်သို့ ရောက်သွားခဲ့ပါတယ်။ လှေပေါ်မှာ ရိက္ခာပြတ်လို့ အလှူ တစ်ခုကို တွေ့ရချိန်မှာ ရွာသားများအား ကင်ပေတိုင် အပို့ မခံစေချင်ရင် လှေပေါ်ကို ရိက္ခာ တင်ပေးရမယ်လို့ မိုက်ကြေးခွဲ ခဲ့ပါတယ်။ အဲဒီကတည်းက ဦးနေ၀င်းဟာ အာဏာရှင် ဇာတိ စတင် ပြသနေတာဖြစ်ပါတယ်။

လူတို့၏ အပြုအမူ၊ အနေအထိုင်၊ အကျင့်အကြံ တို့နှင့်ပတ်သက်၍ လေ့လာရာတွင် ဗီဇနှင့် ပတ်ဝန်းကျင်ဟာ အထူးအရေးပါကြောင်းကို စိတ်ပညာရှင်ကြီးများ၏ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။ ဗိုလ်နေ၀င်းရဲ့  ငယ်စဉ်ကလေးဘ၀က အဖြစ်အပျက်များကို အသေးစိတ် မသိရှိရသော်လည်း အရွယ်ရောက်လာပြီး နောက်ပိုင်းမှာ သူနဲ့အတူ နီးစပ်စွာ နေထိုင်လုပ်ကိုင် ဆက်သွယ်ခဲ့ကြသူများ မှတဆင့် ကြားသိချက်များ ရှိခဲ့ပါတယ်။

ဗိုလ်နေ၀င်းဟာ အဆင့်မြင့်ပညာရပ်များကို ဆုံးခန်းတိုင် သင်ကြားခဲ့ရမှု မရှိခြင်း၊ စာပေပညာရပ်များကို အလေးအနက်ထား၍ လေ့လာလိုသော ၀ါသနာမရှိခြင်း၊ စတဲ့ အကြောင်း များကြောင့် ဗိုလ်ချုပ်အောင်ဆန်း လိုမျိုး ပညာတတ်များ၊ လေးနက်စွာ လေ့လာဖတ်ရှုကြသူများနဲ့ နေထိုင် လုပ်ကိုင်ရတဲ့အခါမှာ သိမ်ငယ်မှုများ ရှိတတ်ကြောင်းကို သိရှိရပါတယ်။

ဗိုလ်နေ၀င်း ကိုယ်တိုင် ပြောလေ့ရှိတဲ့ စကားတစ်ခုကတော့ “ဗိုလ်ချုပ်အောင်ဆန်းက တခါတရံ ဒေါပွ၍ ဆဲဆူသောအခါမှာ မိမိက ဗိုလ်ချုပ်နဲ့ မတွေ့အောင် တစ်လလောက် ရှောင်နေခဲ့ကြောင်း၊ မိမိက ဆူငေါက်တာဟာ အသေးအဖွဲလောက် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက မိမိအား ဆူငေါက်တဲ့ အဖြစ်နဲ့ နှိုင်းယှဉ်ရင် ဘာမှ မဖြစ်လောက်ကြောင်း” စတဲ့ စကားများ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက်ပင် ငယ်သော်လည်း အရည်အချင်း ပြည့်ဝခြင်း၊ အလွန်တည်ကြည် ဖြောင့်မတ်စွာ နေတတ်ခြင်း၊ အလုပ်ကိုသာ အာရုံစူးစိုက်တတ်ခြင်း စတာတို့ကြောင့် ဗိုလ်နေ၀င်းက အလွန်လေးစားမှု ရှိခဲ့ကြောင်းများကို သိရှိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော် အကြီးအကဲ ဖြစ်ပေမဲ့ အရပ်ဘက်မှ လုပ်ဖော်ကိုင်ဖက် ဖြစ်သော နိုင်ငံရေးသမားများအား လေးစားမှု ရှိပြီး၊ တန်းတူရည်တူသာ ဆက်ဆံခဲ့ကြောင်းကို နိုင်ငံရေးသမားဟောင်းကြီးများရဲ့  ပြောပြချက်အရ သိရပါတယ်။

တော်လှန်ရေး အစိုးရ လက်ထက်က ထိန်းသိမ်းထားခဲ့တဲ့ နိုင်ငံရေးသမားဟောင်းကြီးများရဲ့  ပြောပြချက်များ ထဲမှ တူညီသော အချက်မှာ “ဗိုလ်ချုပ်အောင်ဆန်းဟာ လွန်စွာ အရည်အချင်း ပြည့်ဝသူ ဖြစ်ကြောင်း၊ သူ့ကို သူလည်း ယုံကြည်မှု အပြည့်အ၀ရှိတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်လျှက် ရှိတုန်းက မနားမနေ စည်းရုံးလှုပ်ရှားမှုများကို ကြည့်ရင် သိနိုင်ကြောင်း၊ ဗိုလ်ချုပ်ဟာ စည်းရုံးရေးကို အလွန်အားထား ယုံကြည်ပုံရကြောင်း၊ နိုင်ငံရေး လောကမှာ အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံရေးသမားများဟာ ဖြတ်လမ်းကို မလိုက်ကြဘဲ စည်းရုံးရေးကိုသာ အားထားကြကြောင်း၊ စည်းရုံးရေး စွမ်းအားကို မယုံကြည်သူများဟာ အာဏာ၊ငွေ၊ လက်နက် စတာတွေကိုသာ အားကိုး တတ်ကြောင်း” စတဲ့ အချက်များဖြစ်ပါတယ်။

တည်မြဲ ဖဆပလ ဦးဗဆွေရဲ့  ပြောပြချက်အရ “ဖဆပလ အစိုးရလက်ထက်က ဗိုလ်လင်္ကျာက ဗိုလ်နေ၀င်းအား အပြုတ်ချရန် စီစဉ်ခဲ့ကြောင်း၊ ဘယ်သူကမှလည်း ဗိုလ်နေ၀င်းနောက်မှာ မရပ်တည်လိုကြကြောင်း ဦးကျော်ငြိမ်းက ရပ်တည်ခဲ့လို့သာ ဗိုလ်နေ၀င်း မပြုတ်ခဲ့ခြင်း ဖြစ်ကြောင်း” များကို ပြောခဲ့ဖူးပါတယ်။

Ref: ဖိုးတရုတ်
...

Read more...

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ တွေ့ခွင့်မပေးလျှင် ဂမ်ဘာရီနှင့် အန်အယ်လ်ဒီ တွေ့ဖြစ်ဖို့မလွယ် (ဦးဝင်းတင်)

မင်းနိုင်သူ/ ၂၈ ဇန်န၀ါရီ ၂၀၀၉

မစ္စတာဂမ်ဘာရီမလာမီ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိုတွေ့ဆုံ ညှိနှိုင်းခွင့် မရခဲ့ပါက အန်အယ်လ်ဒီအနေဖြင့် မစ္စတာဂမ်ဘာရီနှင့်ပင် တွေ့ဆုံရန် မလိုတော့သည့် သဘောဆောင်နေပြီ ဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုတင် တွေ့ဆုံနိုင်မှာသာ နိုင်ငံရေး လုပ်ငန်းစဉ်သစ်၊ အစီအစဉ်သစ်များ ပေါ်ထွန်းလာမည် ဖြစ်သည့်အတွက် ယင်းတွေ့ဆုံမှုကို လိုလားနေ ခြင်းဖြစ်ကာ တွေ့ခွင့် မရပါက နိုင်ငံရေး လုပ်ငန်းစဉ်သစ်များ ချမှတ်နိုင်မှု မရှိနိုင်သဖြင့် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရန်ပင် မလိုတော့သည့် သဘောရှိနေကြောင်း ခေတ်ပြိုင်နှင့် သီးခြား မေးမြန်းခန်းတွင် ဦးဝင်းတင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မကြာမီက အန်အယ်လ်ဒီထံသို့ ပေးပို့ခဲ့သော မစ္စတာဂမ်ဘာရီ၏ စာတွင် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း ၎င်းလာရောက်ခဲ့စဉ် မြန်မာစစ်အစိုးရထံ တင်ပြခဲ့သည့် လုပ်ငန်းစဉ် (၅) ချက် (စစ်အစိုးရက ထိုအချက်အားလုံးကို ပယ်ချခဲ့) ကို ဆွေးနွေးလိုကြောင်း ရေးသားထားသည်။ မစ္စတာဂမ်ဘာရီအနေဖြင့် အသစ်မရှိဘဲ အဟောင်းကိုသာ ပိုက်လာပါက အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု ဦးဝင်းတင်က ပြောသည်။

အဆိုပါတင်ပြချက် (၅) ရပ်တွင် စီးပွားရေးကိစ္စရပ်လည်းပါဝင်နေရာ စီးပွားရေးမှာ အရေးကြီးသော်လည်း နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေးနေစဉ် ထည့်သွင်းဆွေးနွေးရန် မလိုဟုလည်း ဦးဝင်းတင်က ယူဆသည်။ မစ္စတာ ဂမ်ဘာရီ၏ တင်ပြချက်များသည် နအဖအပေါ် မည်သို့မျှ အသက်မ၀င်ဘဲ နိုင်ငံရေးသမားများကို ဆက်လက် ဖမ်းဆီးနေမြဲဖြစ်ပြီး နိုင်ငံရေး အကျဉ်းသမားများ၏ မိသားစုများ ဒုက္ခရောက်အောင် လုပ်ဆောင်နေမှုများကို လည်း ထောက်ပြသည်။

၂၀၁၀ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရဘက်က အခြေခံဥပဒေကို ပြန်လည်သုံးသပ်ခွင့်မပေးပါက အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် အကြောင်းမရှိဟုလည်း ဦးဝင်းတင်က ပြောသည်။ စစ်အစိုးရ၏ အခြေခံဥပဒေသည် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် ကျားကန်ပေးထားသည့် ဥပဒေဖြစ်သည့် အတွက် နောင်နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ စစ်ကျွန်ဇာတ်သွင်းမည့် အခြေခံဥပဒေဖြစ်သည်ဟုလည်း ဦးဝင်းတင်က ထောက်ပြသည်။

မစ္စတာဂမ်ဘာရီသည် ရန်ကုန်မြို့သို့ စနေနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး နောက်တပတ် အင်္ဂါနေ့တွင် ပြန်မည်ဖြစ်ကြောင်း အဘူဒါဘီမြို့ထုတ် The National သတင်းစာတွင် ဖော်ပြထားသည်။

ယခုလာရောက်မည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား များ လွတ်ပေးရေးအတွက် နအဖကို ငွေကြေးအကူအညီပေးရေးကိစ္စလည်းပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဦးဝင်းတင်ကမူ အဆိုပါအစီအစဉ်မှာ အောင်မြင်မည်ဟု လုံးဝမယူဆကြောင်း ပြောသည်။

Ref: ခေတ်ပြိုင်

Read more...

စီအန်အန် ချယ်နယ် ရောင်းချမှု ရပ်ဆိုင်း

NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉

Family Entertainment က အခပေး ရုပ်သံလိုင်းများအဖြစ် ရောင်းချပေးနေသည့် တခုတည်းသော သတင်းလိုင်းဖြစ်သည့် စီအန်အန် ရုပ်သံချယ်နယ်ကို ယခုနှစ်ကုန်ပိုင်းကစ ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ အရောင်းဝန်ထမ်းများက ပြောပြကြသည်။

စီအန်အန် ရုပ်သံချယ်နယ် ရောင်းချမှုများ ရပ်ဆိုင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး Family Entertainment အား ခေတ်ပြိုင်က မေးမြန်းရာတွင် စီအန်အန်လိုင်းမှာ လွှင့်လိုသည့်အခါမှလွှင့်ပြီး မိလိုက်မမိလိုက် ဖြစ်နေသည့်အတွက် ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ရုပ်သံလိုင်းများကို ဝယ်ယူကြည့်ရှုနေသူတဦးက “သူတို့လွှင့်တဲ့ စီအန်အန် လိုင်းဆိုတာက နိုင်ငံတကာမှာ လွှင့်နေတဲ့ စီအန်အန်လိုင်း၊ ထိုင်း ယူဘီစီ (၂) ပေစလောင်းက လွှင့်နေတဲ့ စီအန်အန် လိုင်းတွေနဲ့ မတူဘူး။ အဲဒီက လွှင့်တာထက် နာရီဝက် နောက်ကျပြီးမှ လွှင့်တယ်။ နောက် မြန်မာပြည်နဲ့ ဆိုင်တာတွေရော၊ နိုင်ငံတကာသတင်းတွေကိုပါ အများကြီး ဖြတ်တောက်တယ်။ ဥပမာ- ဧရာဝတီတိုင်း ရေဘေး သတင်းတွေ အပါအဝင် ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲ လုပ်တဲ့ သတင်းလိုမျိုးပေါ့” ဟု ပြောသည်။

စီအန်အန် ချယ်နယ် ရောင်းချမှု ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံအချို့က စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကြောင့် ရပ်ဆိုင်းခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသလို၊ အချို့က အဆိုပါ ကုမ္ပဏီသည် စီအန်အန် သတင်းများကို နာရီဝက်နောက်ကျပြီးမှ လွှင့်ခြင်း၊ အလွန်အမင်း ဖြတ်တောက်ခြင်းတို့ ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်းကြည့်ရှုသူများက မူရင်း စီအန်အန် သတင်းဌာနကို အီးမေးလ်မှတဆင့် တိုင်ကြားမှုမျိုး ရှိခဲ့ကြောင်း၊ ထို့ကြောင့် စီအန်အန် ကုမ္ပဏီကိုယ်တိုင်က ဆက်လက် မရောင်းချတော့ခြင်း ဖြစ်နိုင်ကြောင်း ထင်မြင် ပြောဆိုနေကြသည်။

Family Entertainment သည် နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ သားတဦးက အဓိက အစုရှယ်ယာများ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီတခု ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် MRTV-4 ချယ်နယ်ကို ထုတ်လွှင့်နေသကဲ့သို့ Digital Terrestrial receiver (DVB-T) စက်များကိုလည်း ရောင်းချသည်။

အဆိုပါ စက်များမှတဆင့် ဖမ်းယူကြည့်ရှု၍ရသည့် နိုင်ငံခြား ရုပ်သံလိုင်း (၁၄) လိုင်းကို လစဉ်ကြိုတင်ငွေပေးစနစ်ဖြင့် ရောင်းချခွင့်ရထားသည့် တခုတည်းသော ကုမ္ပဏီလည်း ဖြစ်သည်။

အဆိုပါ လိုင်းများမှာ CNN, Star Movies, Star World, National Geographic, Wild, Channel V, Discovery, Travel & Living, Animal Planet, Cartoon Network, MTV, Euro Sport, ESPN, Star Sport တို့ မူလက ပါဝင်ပြီး ယခုနောက်ပိုင်း စီအန်အန် ချယ်နယ် မရှိတော့သည့်အတွက် နိုင်ငံခြား သတင်းလိုင်း လုံးဝ မရှိတော့သည့် အခြေအနေ ဖြစ်သွားသည်။

နအဖ စစ်အစိုးရက ၎င်းတို့၏ နေပြည်တော်မှာလည်း မြန်မာ့ရုပ်သံ၊ မြဝတီ ရုပ်သံနဲ့ နိုင်ငံခြား ဖျော်ဖြေရေး လိုင်း အနည်းငယ် လွှင့်ထုတ်နေပြီး သတင်းလိုင်းနှင့် ပတ်သက်၍ မည်သည့်သတင်းလိုင်းကိုမှ ထုတ်လွှင့်ခြင်း မပြုရန် တားမြစ်ထားကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read more...

မီးမပေးနိုင်ဘဲ မီတာပုံးရောင်း

NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်မြို့လယ် ဧရိယာများကို တနေ့ (၆) နာရီ လျှပ်စစ်မီး မှန်မှန် မပေးနိုင်သော်လည်း မီတာပုံးများကိုမူ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း ဗိုလ်တထောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိ ရုံးဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ကျနော်တို့ဆီမှာ ဝန်ကြီးအမိန့်နဲ့ စာထွက်ထားပါတယ်။ ဘယ်သူမဆို သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ငွေ (၅၆,ဝဝဝ) ပေးတာနဲ့ မီတာပုံးရမှာပါ။ ဝန်ကြီးရဲ့အမိန့်စာကိုလည်း ကျနော်တို့ရုံးမှာ ဘုတ်ကြီးနဲ့ ကပ်ထားပါ တယ်။ မည်သူမဆို လာကြည့်လို့ ရပါတယ်။ မီးပေးမယ့် အချိန်တွေကိုလည်း တလစာအတွက် တနေ့စီ အချိန်ဇယား ကပ်ထားပါတယ်” ဟု ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံး ငွေစာရင်းဌာနမှ အမည်မဖော်လိုသူ စာရင်းကိုင်တဦးက အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်အရ ဝင်ငွေပိုမို ရရှိအောင် အကောင်အထည်ဖော်နေရခြင်းဖြစ်ကြောင်း၊ ၂ဝဝ၇ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်ကို ဝန်ကြီးဌာနဝင်ငွေ တနှစ် ကျပ် (၄) ဘီလီယံ ရရှိနေရာမှ (၁၅) ဘီလီယံ ရရှိအောင် တိုးတက်ရှာဖွေရန် လမ်းညွှန်ခဲ့ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်နှင့်အညီ မီတာခ ဈေးနှူန်းတိုးမြှင့်ခြင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီတာပုံး အလုံးရေ သန်းနှင့်ချီ ရောင်းချခြင်း၊ မီးပေးရေးစနစ်မှာ မီတာခ ပိုရသည့် စက်မှုဇုန်နှင့် လုပ်ငန်းသုံးမီတာများကို ဦးစားပေးခြင်း၊ စွမ်းအင်ဝန်ကြီးဌာနကနေ ဝယ်ယူရသည့် သဘာဝ ဓာတ်ငွေ့ပမာဏကို လျှော့ချခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိလည်း အဆိုပါ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ရှင်းပြသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လျှပ်စစ်မီးပေးပုံနှင့် ပတ်သက်ပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုနှစ်သည် အနည်းဆုံး ရရှိသည့်နှစ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောပြကြသည်။

ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတဦးက ပြီးခဲ့သည့် နှစ်အထိ မီးပျက်လေ့ရှိသည့်ရာသီ၌ ရန်ကုန်မြို့လယ် (၆) မြို့နယ်တွင် တနေ့ လျှပ်စစ်မီး (၁၂) နာရီမှ (၁၈) နာရီအကြား ရရှိကြောင်း၊ လက်ရှိ တရက် (၆) နာရီ မီးရမည်ဟု သက်ဆိုင်ရာ လျှပ်စစ်ရုံးများက ကြေညာထားသော်လည်း (၆) နာရီပင်မရကြောင်း ၎င်းကြုံခဲ့ဖူးသမျှ ယခုနှစ်သည် လျှပ်စစ်မီး အနည်းဆုံးရရှိသည့် နှစ်ဖြစ်ကြောင်း ပြောသည်။

ရန်ကုန်အပါအဝင် နယ်မြို့များက ပြည်သူများမှာမူ စစ်အစိုးရသည် တိုင်းပြည်ကထွက်သည့် သဘာဝ ဓာတ်ငွေ့များကို နိုင်ငံခြားသို့ ရောင်းချပြီး အစိုးရအဖွဲ့အသုံးစရိတ် ရရှိရေးကိုသာ စိတ်ဝင်စားပြီး နိုင်ငံစီးပွားရေးနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးအတွက် လျှပ်စစ်ဓာတ်အားပေး စက်ရုံများက ဂက်စ်တာဘိုင်များ လည်ပတ်ရာ၌ အသုံးပြုရန်အတွက် လုံးဝ စိတ်ကူးမရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြသည်။

Ref: ခေတ်ပြိုင်

Read more...

ဘင်္ဂလားဒေ့ရှ်သတင်း အဓမ္မဖော်ပြခိုင်း

NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉

စစ်အစိုးရ စာပေစိစစ်ရေးဌာနက ၎င်းတို့ကိုယ်တိုင်ရေးသားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို ယခုတပတ်ထုတ် ဂျာနယ်များတွင် မထည့်မနေရ အတင်းအကျပ်ဖော်ပြခိုင်းခဲ့ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းဂျာနယ် အယ်ဒီတာများက ပြောပြကြသည်။

ဖော်ပြခိုင်းခဲ့သည့် သတင်းခေါင်းစဉ်မှာ “မြန်မာဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးသံမှူးနှင့် တွေ့ဆုံ” ဖြစ်သည်။ အဆိုပါသတင်းကို ဇန်နဝါရီ (၂၇) ရက်နေ့ထုတ် ဖလားဝါးနယူးဂျာနယ် အတွဲ (၅) အမှတ် (၄) စာမျက်နှာ-၁၈၊ ဇန်နဝါရီလ (၂၆) ရက်နေ့ထုတ် သည်ဗွိုက်စ် ဂျာနယ် အတွဲ (၅) အမှတ် (၁၄) စာမျက်နှာ-၂၈၊ ဇန်နဝါရီလ (၂၉) ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ် အတွဲ (၄) အမှတ် (၂၄) နှင့် အခြားဂျာနယ်များတွင် ဖော်ပြခဲ့ကြရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျာနယ်အယ်ဒီတာတဦးက “ကျနော်တို့ကို ဂျာနယ်စာမျက်နှာ တမျက်နှာလောက်ရှိတဲ့ ပေါ်လစီဆောင်းပါးတပုဒ် ဖော်ပြခိုင်းပြီးပြီပဲ။ ဒီလောက်ဆို တော်သင့်ပါပြီ၊ ဒါပေမယ့် ခု ဘင်္ဂလားဒေ့ရှ် သတင်းကိုပါ ဖော်ပြခိုင်းတယ်။ ကျနော်တို့ရဲ့ သတင်းတွေနဲ့ ရောပြီး သူတို့ရေးပေးတဲ့ သူတို့ အာဘော်ကို ဖော်ပြစေချင်တဲ့သဘော၊ ကျနော်တို့ကတော့ ကျနော်တို့ သတင်းတွေနဲ့ မရောအောင် ပေါ်လစီဆောင်းပါးစာမျက်နှာမှာပဲ ဖော်ပြပေးလိုက်တယ်” ဟု ပြောသည်။

အဆိုပါသတင်းတွင် ဖော်ပြထားသည်မှာ ပြီးခဲသည့် ဇန်နဝါရီ (၁၃) ရက်နေ့က ရန်ကုန် ကုန်သွယ်မှုဦးစီးဌာန တိုင်းရုံးမှာ မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများက စီးပွားရေးသံမှူး အချို့နှင့် တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးသံမှူးနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ၎င်းက ခုလို တွေ့ဆုံဆွေးနွေးပွဲ လုပ်တာဟာ ကောင်းမွန်ကြောင်း၊ ဒါကာမှာလည်း ၎င်းတို့ အစိုးရအဖွဲ့သစ်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကိစ္စများကို လေ့လာသုံးသပ်နေကြောင်း၊ မကြာမီ နှစ်နိုင်ငံကုန်သွယ်မှု ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားကြောင်း စသဖြင့် ဖြေကြားထားသည်ဟု ရေးသားထားသည့် သတင်းဖြစ်သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ဘာသာပြန်အယ်ဒီတာတဦးက နအဖစစ်အစိုးရသည် ပြီးခဲ့သည့်နှစ် သဘာဝဓာတ်ငွေ့ရှာဖွေမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြဿနာဖြစ်ခဲ့ရာမှာ အလျော့ပေးခဲ့ရမှုကို ဖုံးကွယ်ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပုံမှန်ပဲ ရှိနေသယောင် ရေးသားသည့်သတင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ဝါရင့်သတင်းစာဆရာကြီးတဦးကမူ နအဖ စစ်အစိုးရသည် သတင်းရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး တားမြစ်ပိတ်ပင်မှု အများအပြား လုပ်ရုံသာမက၊ ပေါ်လစီဆောင်းပါးများကိုလည်း အတင်းအကျပ် မထည့်မနေရ ဖော်ပြခိုင်းခြင်းများကို တောက်လျှောက်လုပ်ခဲ့ကြောင်း၊ ယခု ဤမျှနှင့် မရပ်သေးဘဲ သူတို့ ဖော်ပြစေချင်သည့် သတင်းများကို ပုဂ္ဂလိက ဂျာနယ်စာမျက်နှာများတွင် အဆိုပါဂျာနယ်များက ရေးသည့် သတင်းများ ဖြစ်သယောင် လိမ်လည်ဖော်ပြခိုင်းခြင်းမျိုး လုပ်လာတာဖြစ်ကြောင်း၊ နောင် စစ်အစိုးရက ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလများတွင် ယခုကဲ့သို့ ဆက်လက် ပြုမူလုပ်ကိုင်လာနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သတင်းရေးသား ဖော်ပြခွင့်နှင့်ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြုမူလာသည့်အပေါ် ပြည်သူများနှင့် နိုင်ငံတကာက သိအောင် ဖော်ထုတ်ဖွင့်ချရန် လိုအပ်ကြောင်း ဝေဖန်ထောက်ပြ ပြောဆိုခဲ့သည်။

Ref: ခေတ်ပြိုင်

Read more...

Wednesday, January 28, 2009

ဒီချုပ်တွင် ဟောပြောပွဲလုပ်

ကိုဝိုင်း
ဇန်နဝါရီလ 27 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် ရုံးချုပ်တွင် နှစ်ပတ်တကြိမ် လူငယ်ဟောပြောပွဲ တခုကို ယနေ့မွန်းလွဲက ပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွှန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးသိန်းညွန့်က "မြန်မာနိုင်ငံ ဥပဒေနှင့် လက်တွေ့ ပြဿနာများ" ဆိုသည့် ခေါင်းစဉ်နှင့် သွားခဲ့သည်။

ဦးသိန်းညွန့်က အန်အယ်ဒီ၏ မဟာဗျူဟာဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး။ နည်းဗျူဟာများဖြစ်သည့် တရားဥပဒေဘောင် အတွင်းမှ ပါဝင်ရေး၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရေး အပေါ်အခြေခံ၍ ဥပဒေ အကြောင်းအရာများ ပါဝင်ကြောင်း ဟောပြောပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်က "အန်အယ်ဒီက တလျှောက်လုံး နိုင်ငံရေး ပြဿနာတွေကို ဥပဒေကြောင်းအရ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်း ခဲ့ပါတယ်။ အခုလည်း လုပ်နေတယ်ပေါ့ဗျာ။ အဲဒါကို ဥပဒေလမ်းကြောင်းတွေ အတွေ့အကြုံတွေနဲ့ ရှင်းပြသွားတာပေါ့ဗျာ" ဟု ပြောသည်။

မေးဖြေကဏ္ဍတွင် တောင်အာဖရိကနိုင်ငံတွင် ပြုလုပ်ခဲ့သော အသားရောင် ခွဲခြားအုပ်ချုပ်ခဲ့သော လူဖြူအစိုးရကို ဖြုတ်ချခဲ့သူများက အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ပြုလုပ်ခဲ့သည့် Truth Commission အကြောင်းလည်း ပါရှိသည်။ ၀န်ခံမှုပြုလျှင် အပြစ် ကျူးလွန်ခဲ့သူများကို ခွင့်လွှတ်သည့် အစီအစဉ် ဖြစ်သည်။

ဟောပြောပွဲကို အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝင်းတင်၊ ဦးညွန့်ဝေ၊ သခင်စိုးမြင့်၊ ဦးခင်မောင်ဆွေတို့ အပါအ၀င်၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၅၀) ကျော် တက်ရောက်ခဲ့သည်။

ယနေ့ ဟောပြောပွဲသည် ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေး အဖွဲ့နှင့် မြို့နယ်လူငယ်များ ပူးပေါင်းဆောင်ရွက်သည့် လူငယ် ပညာပေးရေး အစီအစဉ်အရ ကျင်းပခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read more...

နအဖ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိနှင့် အဖွဲ့ ၀ ဒေသအတွင်း လက်နက်ဖြုတ်သိမ်းခံရ

27 ဇန်န၀ါရီ 2009 သျှမ်းသံတော်ဆင့်

၂၀၁၀ ရွေးကောက်ပွဲအတွက် ငြိမ်းအဖွဲ့များကို စည်းရုံးသိမ်းသွင်းရန် စစ်ဘက်ရေးရာ လုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် အဖွဲ့ ပန်ဆန်းသို့အသွား မိုင်းပေါက်တွင် ၀ နယ်ခြားစောင့် တပ်ဖွဲ့က ၎င်းတို့ပါလာသော လက်နက်ကြီးများကို ဖြုတ်သိမ်း ထားကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

ယခုလ ၁၇ - ၁၈ ရက် စစ်ဘက်ရေးရာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့်အဖွဲ့ အင်အား ၃၀ ခန့်သည် ၀ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက်ဆွေးနွေးရန်UWSA ပန်ဆန်းဌာန ချုပ်အသွား တပ်မဟာ ၄၆၈ ၀ နယ်ခြားလုံခြုံရေးအဖွဲ့က ၎င်းအဖွဲ့ ပါလာသော လက်နက်ကြီးများကို ကျိုင်းတုံမြို့ အရှေ့ မြောက်ဘက် ၁၀၂ ကီလိုမီတာအကွာရှိ မိုင်းပေါက်မှ ဖြတ်သန်း သယ်ဆောင်ခွင့် မပြုဟုဆိုကာ ခေတ္တသိမ်းထား လိုက်သည်ဟုဆို၏။


ဝ ပြည်နယ်မြို့တော် ပန်ဆန်းဌာနချုပ်ရှိ အာဇာနည်ကျောက်တိုင် နှင့် ၀ ရဲဘော်များ

UWSA တပ်မဟာ ၄၆၈ အရာရှိတချို့ နှင့် နီးစပ်သူတဦးက - “ယခုလ အစောပိုင်းက သျှမ်းပြည်တိုင်းချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင် အထူးဒေသ ၄ တပ်မဟာ ၃၆၉ ဆီလူး နဲ့ အထူးဒေသ ၂ တပ်မဟာ ၄၆၈ ဌာနချုပ်မိုင်းပေါက်ဘက်လာ မယ်လို့ သတင်းကြားထား ပေမဲ့ မလာဖြစ်ဘူး။ အခုလာသွားတဲ့ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့အဖွဲ့ကို လည်း မိုင်းပေါက်ရှိ ၀ အဖွဲ့က သူတို့ပါလာတဲ့ လက်နက်ကြီး တွေ ပန်ဆန်းကို ပေးမယူသွားဘူး လို့ပြောတယ်။ ပစ္စတိုတချို့ကိုဘဲ ယူသွားခွင့်ပေးတယ်” - ဟုဆို၏။

ပန်ဆန်းသို့ရောက်သွားသော စရဖ လုံခြုံရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် ၀ ထိပ်ပိုင်းခေါင်းဆောင်များ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ဆွေးနွေးညှိနှိုင်းခြင်း မရသောကြောင့် စရဖ မှူးကြီး အမျက်ဒေါသထွက်ကာ မိုင်းကာ၊ မိုင်းခတ် မှ တဆင့် ကျိုင်းတုံဘက်သို့ ပြန်ဆင်းသွားကြောင်း၊ လတ်တလော ၀ နှင့် နအဖ ကြား ဆက်ဆံရေး ပိုမိုတင်းမာလာ နေကြောင်း ၎င်းကဆက်ပြောပြ၏။

“၀ တပ်ဖွဲ့ပြန်လည်ဖွဲ့စည်းပြီး နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်အောက်မှာ နေဖို့ စစ်အစိုးရ ကိုယ်စားလှယ် တွေက ဆန္ဒရှိတာကို ၀အဖွဲ့ကလက်မခံဘူး။ အခုအခြေအနေက ပိုပြီးတင်းမာလာတယ်။ ၀ ဘက် က ပြင်ဆင်မှုတွေ ပိုလုပ် လာတယ်လို့ပြောရမှာဘဲ” - ဟု ဆို၏။

အရှေ့မြောက်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်သန်းထွဋ် ကလည်း သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ၀ တပ်ဖွဲ့တွေ ကိုပြင်ဆင်ဖွဲ့ စည်းဖို့ သွားရောက်တွေ့ဆုံ ဖိအားပေးခဲ့ရာ မအောင်မြင်သောကြောင့် စစ်သည်၂၀၀- ၃၀၀ ခန့် ပို့၍ အင်အားပြ ခြိမ်းခြောက် ခဲ့သေးကြောင်း၊ အတည်မပြုနိုင်သေးသော သတင်းအရ ၀ နှင့် နအဖ ကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေကြောင်း ဆိုပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read more...

ရိုဟင်ဂျာအရေး ဒေသတွင်း ဆွေးနွေးပွဲခေါ်ဖို့ ထိုင်းဝန်ကြီးချုပ် တောင်းဆို

27 January 2009

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ထိုင်းရေတပ်က ပင်လယ်ထဲမှာ မောင်းထုတ်ပစ်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေလို့ သက်ဆိုင်ရာနိုင်ငံတွေ ၀ိုင်းဝန်းပူးပေါင်းကြဖို့ တိုက်တွန်းနေချိန်မှာပဲ ဒုက္ခသည်တွေဟာလည်း တဖွဲဖွဲနဲ့ ဆက်ရောက် လာနေဆဲပါ။ အခုလည်းပဲ ဒီပြဿနာကို ဒေသတွင်း အတိုင်းအတာနဲ့ ပူးပေါင်းဖြေရှင်းဖို့ ထိုင်းအစိုးရက တိုက်တွန်းနေချိန်မှာပဲ လှေစီး ဒုက္ခသည် ရိုဟင်ဂျာတွေကိုလည်း ထပ်ပြီး ဖမ်းဆီးမိနေတာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကနေ လှေငယ်တွေနဲ့ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံကို ရောက်လာကြတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာကို ထိုင်းအစိုးရက ဒေသတွင်း နိုင်ငံတွေပါ ပါဝင်ပူးပေါင်း ဖြေရှင်းကြဖို့ ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းလိုက်ချိန်မှာပဲ နောက်ထပ် ဒုက္ခသည် တသုတ်ကိုလည်း ထိုင်းရေတပ်က ဖမ်းဆီးမိခဲ့တာပါ။ အခုနောက်ဆုံး ဆိုရင်လည်းပဲ ရိုဟင်ဂျာ နောက်ထပ် ၇၈ ယောက်ကို ထိုင်းနိုင်ငံ အနောက်တောင်ဘက်က အန်ဒမန် ပင်လယ်ထဲမှာ ထိုင်းရေတပ်က ဖမ်းဆီး မိခဲ့ပါသေးတယ်။ ဒီလို ရိုဟင်ဂျာတွေ တဖွဲဖွဲ ထပ်ရောက်နေသလို အစောပိုင်းတုန်းက ပင်လယ်ပြင်မှာ ဖမ်းဆီးမိတဲ့ သူတွေကိုလည်း ထိုင်းစစ်တပ်က လူမဆန်အောင် ပြုမူ ဆက်ဆံတာတွေ ရှိခဲ့တယ်၊ တချို့ဆိုရင်လည်း ပယ်လယ်ပြင်မှာ သေကျေဆုံးပါးတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့အပြီး စိုးရိမ် ပူပန်သံတွေလည်း ထွက်ပေါ်လာတာပါ။ ဒီအတွက် အခုနောက်ဆုံး ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေ အပါအ၀င် ဒုက္ခသည်တွေ အားလုံးကို တွေ့ဆုံပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထိုင်းအစိုးရကို တောင်းဆိုထားတယ်လို့ ပြောခွင့်ရအမျိုးသမီး ကစ်တီ မက္ကင်းဇီးက ပြောပါတယ်။

“နောက်ထပ် ရိုဟင်ဂျာ ၇၈ ယောက်ကို ထိုင်းရေတပ်က ဖမ်းဆီးလာပါတယ်၊ မနေ့ညပိုင်းကပါ။ လတ်တလောမှာတော့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ပြီးတော့ ဒီကိစ္စကို စကားပြောဖို့လည်း လုပ်နေပါတယ်။ နောက်ပြီးတော့ ထိုင်းနိုင်ငံမှာ ဖမ်းဆီး ခံထားရတဲ့ ရိုဟင်ဂျာတွေအားလုံးနဲ့ တွေ့ဆုံခွင့် ရဖို့လည်း ကြိုးပမ်းနေပါတယ်။ အခုအချိန် အထိတော့ ဘာမှ အကြောင်းမထူး သေးပါဘူး။”

အခုလို ထိုင်းနိုင်ငံထဲ ရိုဟင်ဂျာတွေ ထွက်ပြေးလာနေတဲ့ကိစ္စကို မဖြေရှင်းနိုင် ဖြစ်နေရတာ၊ နိုင်ငံတကာ သတင်း မီဒီယာတွေမှာလည်း ထိုင်းစစ်တပ်က အနိုင့်အထက် ပြုကျင့်ခဲ့တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေချိန်မှာ ထိုင်း အစိုးရကလည်း ဒီကိစ္စကို ကိုင်တွယ်ဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပန်နီတန် ၀ပ်တန်ညာဂွန် (Panitan Wattanyagorn) က ပြောပါတယ်။

“တိုးတက်မှုတချို့ ရှိလာနေတယ်။ ဒီအထဲမှာ တခြားအစိုးရတွေနဲ့ပါ တွေ့ဆုံမှုတွေ ပါတဲ့အကြောင်း” ပြောခွင့်ရပုဂ္ဂိုလ်က ဆိုခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ (Abhisit Vejjajiva) ကိုယ်တိုင်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသတွင်းဆိုင်ရာ ကိစ္စတခုအဖြစ် သက်ဆိုင်ရာနိုင်ငံတွေ ပူးပေါင်းပါဝင် ဆွေးနွေးတာတွေ လုပ်သွားဖို့ နှိုးဆော်ခဲ့တာပါ။ အစောပိုင်းမှာတုန်းက ထိုင်းအစိုးရက ရိုဟင်ဂျာတွေ အပေါ် မတော်မတရား ဆက်ဆံတယ်ဆိုတဲ့ သတင်းတွေကို မဟုတ်ပါဘူးဆိုပြီး ငြင်းပယ်ထားတာရှိပေမယ့် အခုလို ထိုင်းအစိုးရဘက်က ကြိုးပမ်းမှုတွေ ထွက်ပေါ်လာတဲ့ အပေါ်မှာတော့ UNHCR က ကြိုဆိုခဲ့တာပါ။

“သတင်းဌာနတွေကို မှတ်ချက်ပေးပြောဆိုတဲ့နေရာမှာ သူက UNHCR ကို အတိအကျ ထည့်ပြောသွားပါတယ်။ ဒီစိတ်ကူး အတွက်လည်း ကျမတို့ တကယ့်ကို ကြိုဆိုပါတယ်။ UNHCR အနေနဲ့က ထိုင်းအပါအ၀င် ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေကို ဒေသဆိုင်ရာ ကိစ္စတခုအဖြစ်နဲ့ ကိုင်တွယ်ကြဖို့ တိုက်တွန်း နေတာလည်း ကြာပါပြီ။ အခု ထိုင်းအစိုးရက ရိုဟင်ဂျာတွေ ဘာကြောင့် အခုလို ထွက်ပြေး လာနေရသလဲ၊ သူတို့ အသက်စွန့်ပြီး လှေငယ်လေးတွေနဲ့ ပင်လယ်ပြင်ထဲကို ဘာလို့ ထွက်လာရတာလဲ ဆိုတဲ့ အခြေခံ အကြောင်းတွေနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ ဆွေးနွေးပွဲလုပ်ဖို့ ပြောတာကို ကြိုဆိုရမှာပါ။”

ထိုင်းအစိုးရကတော့ ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်လို့ ဆက်နွယ်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေပါ ပါဝင်ဆွေးနွေးဖို့ တိုက်တွန်းထားတာပါ။ ဒါပေမယ့်လို့ ဒီနိုင်ငံတွေဟာ တကယ်တမ်းမှာတော့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေတော့လည်း မဟုတ်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ တွေ့ဆုံခဲ့ပြီး ပြန်ရောက်လာတဲ့ ထိုင်းစစ်တပ် ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဆွန်ကစ်တီ ဂျာဂါဘာတရာ (Songkitti Jaggabatara) ကို ကိုးကားပြီးတော့ ထိုင်းသတင်းစာတွေမှာ ဖော်ပြခဲ့တာကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်အစိုးရ သတင်းစာတွေမှာတော့ ဒီလို လာရောက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ရေရေရာရာ ရေးသားထားတာမျိုး မတွေ့ရသလို နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် ဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာကို ဖော်ပြတာမျိုးလည်း မတွေ့ရပါဘူး။

အခုနောက်ဆုံး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တရပ်အရ သိရတာကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယိုမြာ (Kasit Piromya) က ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသံရုံး တာဝန်ခံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ တွေ့ဆုံပြီးတော့ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်းနိုင်ငံတွေကို ရိုက်ခတ်မှုတွေ ရှိနေပြီးတော့ ထိုင်းနိုင်ငံမှာဆိုရင် တရားမ၀င် ၀င်ရောက်လာတဲ့ ရိုဟင်ဂျာဦးရေဟာ ခန့်မှန်းခြေ ၂၀,၀၀၀ လောက်အထိ ရှိနေပြီလို့လည်း ပြောပါတယ်။

ဒီလူတွေဟာ ဆိုရင်လည်း စီးပွာရေး အခြေအနေအရ ရွှေ့ပြောင်းလာသူတွေဖြစ်တာမို့ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ ပြဋ္ဌာန်းချက်အရ မူလနိုင်ငံမှာ စိုးရိမ် ကြောင့်ကြရတဲ့အတွက် ထွက်ပြေးလာသူ ဒုက္ခသည်တွေအဖြစ် မသတ်မှတ် နိုင်ဘူးလို့လည်း တုန့်ပြန်ခဲ့ပါတယ်။ လောလောဆယ် ရိုဟင်ဂျာပြဿနာကို ဖြေရှင်းသွားနိုင်ဖို့ အတွက်ကတော့ ၆ နိုင်ငံ ပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံက ကမကထလုပ် ကျင်းပဖို့ ထိုင်းအစိုးရဖက်က အဆိုပြုခဲ့ပြီး ဒါကိုလည်း ကျန်နိုင်ငံတွေက ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့လည်း ဒီနေရမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်မှာ ဖြစ်တယ် ဆိုပြီးတော့လည်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့လည်း ဒီနေရာမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်မှာဖြစ်တယ် ဆိုပြီးတော့လည်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

Ref: VOA News

Read more...

နာဂစ်ထိသည့် မြို့နယ်များ စပါးအထွက် (၃၅) ရာနှုန်းထိ ကျဆင်း

NEJ/ ၂၇ ဇန်န၀ါရီ ၂၀၀၉

၂၀၀၈ ခုနှစ် စပါးအထွက်နှုန်းမှာ နာဂစ်ဒဏ်ထိသည့် ဧရာဝတီတိုင်း (၇) မြို့နယ်တွင် ၂၀၀၇ ခုနှစ်ကထက် (၃၂) ရာနှုန်းကျဆင်းသွားပြီး ရန်ကုန်တိုင်း (၃) မြို့နယ်မှာ ၂၀၀၇ ခုနှစ်ကထက် (၃၅) ရာနှုန်း ကျဆင်းသွားကြောင်း မကြာခင်က ထုတ်ပြန်သည့် FAO အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

FAO အဖွဲ့၏ ကွင်းဆင်းတိုင်းတာချက်များအရ နာဂစ်ဒဏ်ထိသည့် ဧရာဝတီတိုင်း (၇) မြို့နယ်နှင့် ရန်ကုန်တိုင်း (၃) မြို့နယ်ရှိ စပါးစိုက်ဧက စုစုပေါင်း၏ (၆၀) ရာနှုန်းမှ (၈၀) ရာနှုန်းထိ စပါးစိုက်နိုင်ခဲ့သော်လည်း (၅၀) ရာနှုန်းမှ (၆၀) ရာနှုန်းသာ စပါးအောင်သည်။ နာဂစ်ဒဏ် ဆိုးဆိုးရွားရွား ထိခဲ့သည့် လပွတ္တာမြို့နယ်၏ စပါးအထွက်မှာ ၂၀၀၇-၀၈ ခုနှစ် အထွက်နှုန်း၏ ထက်ဝက်သာရှိမည်ဟု မှန်းထားသည်။ နာဂစ်ဒဏ်ထိသည့် ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် စပါးအထွက်မှာလည်း ၂၀၀၇-၀၈ ခုနှစ်ထွက်နှုန်း၏ (၅၆) ရာနှုန်းသာရှိမည်ဟု မှန်းသည်။

၂၀၀၈-၀၉ ခုနှစ် မြန်မာတနိုင်ငံလုံး စုစုပေါင်း စပါးအထွက်နှုန်းမှာ မိုးစပါးတန်ချိန် သန်းပေါင်း (၂၄.၈၇၂) နှင့် နွေစပါးတန်ချိန် သန်းပေါင်း (၅.၆၅၄) ရှိသည်ဟု အစီရင်ခံတွင် ဖော်ပြထားသည်။ တိုင်းအလိုက်ဖော်ပြရလျှင် မိုးစပါးအထွက်က ဧရာဝတီတိုင်းတွင် (၁၃) ရာနှုန်းကျဆင်းပြီး ရန်ကုန်တိုင်းမှာ (၉) ရာနှုန်းကျဆင်းသည်။

မြန်မာနိုင်ငံတွင် နွေစပါးအထွက်နှုန်းက (၁၈) ရာနှုန်းမှ (၂၀) ရာနှုန်းသာရှိပြီး ကျန်အများစုမှာ မိုးစပါးဖြစ်သည်။ ၂၀၀၇-၀၈ ခုနှစ်ကို ကြည့်လျှင် စုစုပေါင်း တပြည်လုံး စပါးစိုက်ဧက၏ (၂၅) ရာနှုန်းမှာ ဧရာဝတီတိုင်း ဖြစ်သကဲ့သို့ စပါးအထွက် စုစုပေါင်း၏ (၂၆) ရာနှုန်းမှာလည်း ဧရာဝတီတိုင်း ဖြစ်သည်။

စပါးတဧက စိုက်စရိတ်ကုန်ကျငွေမှာ မန္တလေးတိုင်းတွင် မိုးစပါးအတွက် (၂၄၀,၀၀၀) ကျပ်ကုန်ကျပြီး စစ်ကိုင်းတိုင်းတွင် မိုးစပါးအတွက် တဧက (၁၃၀,၀၀၀) ကျပ်၊ နွေစပါးအတွက် တဧက (၁၉၀,၀၀၀) ကျပ် အသီးသီးကုန်ကျသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

နိုင်ငံတကာမှာ ဆန်ဈေးတက်နေသော်လည်း မြန်မာနိုင်ငံမှာ စပါးဈေးကျနေပြီး အခြား မြေသြဇာ စသည့် စပါးစိုက်သွင်းအားစုများ ဈေးကြီးနေသည့်အတွက် လယ်သမားများ အရှုံးပေါ်ပြီး လယ်ယာကဏ္ဍမှာ ထိခိုက်နိုင်သည်ဟု FAO က မှန်းထားသည်။

Ref: ခေတ်ပြိုင်

Read more...

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အချိန်အခါသင့်ပြီ

27 January 2009

အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့အကြား တာရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့အတွက် သင့်တော်တဲ့အချိန်အခါ ရောက်နေပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ဒေသတွင်းက သက်ဆိုင်သူအားလုံး ပါဝင် ဆောင်ရွက်ကြရမယ်လို့ အလေးထား ပြောကြားခဲ့ပါတယ်။

သူတို့အတွက် အကောင်းဆုံးက ဘာဖြစ်မယ်ဆိုတာ နှစ်ဖက်စလုံး ကိုယ်တိုင်ဆုံးဖြတ်ကြရမယ်လို့ ဆော်ဒီ အာရေးဗီးယား အခြေစိုက် အယ်လ်-အာရေးဗီးယား ရုပ်မြင်သံကြားဌာနနဲ့ တနင်္လာနေ့ နှောင်းပိုင်း တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာအိုဘားမားက ပြောခဲ့တာပါ။ ဒါပေမယ့် လက်ရှိအခြေအနေဟာ သူတို့ပြည်သူလူထုအတွက် ကြွယ်ဝချမ်းသာမှုနဲ့ လုံခြုံမှု မပေးစွမ်းနိုင်ဘူးဆိုတာ အစ္စရေးလ်တွေရော ပါလက်စတိုင်းတွေပါ နားလည်ကြရမယ်လို့ သမ္မတသစ်က ပြောပါတယ်။

အရှေ့အလယ်ပိုင်း ပြဿနာကို ဆီးရီးယား၊ အီရန်၊ လက်ဘနွန်၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ အပါအ၀င် ဒေသတခုလုံးအနေနဲ့ မကြည့်မြင်ဘဲ စဉ်းစားဖို့ရာ မဖြစ်နိုင်ဘူးလို့ မူဆလင်ကမ္ဘာကို တိုက်ရိုက် ရည်ရွယ်ပြောကြားတဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန် ခေါင်းဆောင်က ပြောသွားပါတယ်။ ဒီနိုင်ငံတွေဟာ တခုနဲ့တခု အပြန်အလှန် ယှက်နွယ် ချိတ်ဆက်နေကြတယ်လို့ သူကဆိုပါတယ်။

အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် ဂျော့ခ်ျ မစ်ချဲလ် (George Mitchell) ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် အရှေ့အလယ်ပိုင်းကို ထွက်ခွာသွားပြီး နာရီအတော်အကြာမှာ မစ္စတာအိုဘားမားက အာရေဘစ်ဘာသာ ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း လုပ်ခဲ့တာပါ။

Ref: VOA News

Read more...

ကားလေလံကော်မတီ မသမာမှုများလုပ်ဟုဆို

မင်းနိုင်သူ/ ၂၇ ဇန်န၀ါရီ ၂၀၀၉

နအဖက သိမ်းဆည်းကားများအား လေလံပစ်မှုများ ဆက်တိုက်ပြုလုပ်နေရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ဇန်န၀ါရီ (၂၀) ရက်၌ ပြုလုပ်ခဲ့သော လေလံပွဲတွင် လေလံကော်မတီက မသမာမှုများ ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့ခံ ကားဝယ်ရောင်းသမားများက ပြောသည်။

“သူတို့က တခါတည်းလက်ဝါးရိုက်ထားပြီးသားပါ။ လေလံအများဆုံးအောင်သွားတာက ရန်ကုန်က။ မန္တလေးတောင်မှ သုံးစီးပဲ ရသွားတယ်။ တခါတည်း လက်ဝါးရိုက်ထားတယ်ဆိုတာက ဒီလိုလေ။ ဥပမာ သိန်းနှစ်ထောင်တန် ကားတစီးကို သိန်း တထောင် ပေးဆွဲလို့ လေလံအောင်သွားပြီဆိုပါစို့။ လေလံအောင်တဲ့ လူက အာမခံငွေ သိန်းနှစ်ဆယ် သွင်းရမယ်ဆို သွင်းပြီး လေလံ အပျက်ခံတယ်။ နောက်ငွေကို ဆက်မသွင်းဘူး။ အဲဒီလို လေလံပျက်တယ်ဆိုရင် လေလံကော်မတီက ကားကို သူ့တို့စိတ်တိုင်းကျ စီမံခွင့်ရှိတယ်တဲ့။ နောက်တော့ အဲဒီကားကို သိန်းငါးရာလောက်နဲ့ ကြိုညှိထားတဲ့လူကိုပဲ ပြန်ရောင်းတယ်။ သိန်းတထောင် ပေးသွားတဲ့သူ နောက်မှာ သိန်းရှစ်ရာပေးသူ ရှိလည်းမရဘူး။ လေလံပျက်ကားကို လေလံကော်မတီကပဲ စီမံခွင့်ရှိတယ်တဲ့။ အဲတော့ သိန်းငါးရာ သမားက လေလံကော်မတီကို သိန်းနှစ်ရာလောက် လာဘ်ထိုးလိုက်ရင် သိန်းတထောင် ပေးရမယ့်ကားကို သိန်းခုနှစ်ရာနဲ့ပဲ ရသွားပြီ။ တကယ်တော့ သိန်းတထောင်ပေးပြီး ဆွဲသူကလည်း သူတို့လူပဲ။ သိန်းရှစ်ရာသမားကို မကပ်နိုင်အောင် ကြိုကန်ထားတဲသဘောပေါ့။ ဒီကြောတွေကို အခုမှသိတဲ့ မုံရွာဝယ်ရောင်းတွေ တစီးမှ မရလိုက်ပါဘူးဗျာ” ဟု မြို့ခံ ကားဝယ်ရောင်းတဦးက ဆိုသည်။

လေလံဆွဲလိုသူများအနေဖြင့် မော်တော်ယာဉ်များထားရှိရာ နမခစစ်ဌာချုပ်အတွင်း ၀င်ကြေးငါးထောင်ပေးကာ ကြည့်ရှုကြရပြီး လေလံတင်ကားများအတွက် အာမခံငွေနှစ်ဆယ်ရာခိုင်နှုန်း တင်ခိုင်းခဲ့ကြောင်း သိရသည်။ လေလံအောင်ကားများအား နေ့ချင်းပြီး ငွေပြေချေခိုင်းခဲ့သည်။ နမခလေလံပွဲတွင် ကား (၁၉) စီး လေလံတင်ခဲ့ရာ အားလုံးလေလံအောင်ခဲ့ပြီး ကျန်ကားစီးရေ သုံးလေးရာကိုလည်း မကြာမီအတွင်း လေလံပစ်သွားမည်ဟု ကြားသိရကြောင်း မုံရွာကားဝယ်ရောင်းများက ပြောသည်။

နအဖက တပ်မတော်ထောက်လှမ်းရေးများကို ဖြိုခွဲဖမ်းဆီးပြီးချိန်တွင် ထောက်လှမ်းရေးများ တာဝန်ယူ တင်သွင်းခွင့်ပြုခဲ့သော ကားများအား သိမ်းဆည်းခဲ့ကာ ယခုပြန်လည် လေလံတင် ရောင်းချနေခြင်း ဖြစ်သည်။ နိုင်ငံတ၀န်းမှ သံဃာတော်များ စီးနင်းနေသော ကားများကိုလည်း သိမ်းဆည်းခဲ့ပြီး လေလံတင်ကာလ မစတင်မီက ဘုန်းကြီးကျောင်းများမှ သိမ်းဆည်းခံ ကားအမျိုးအစား အရေအတွက် စာရင်းကို ရယကများမှတဆင့် တောင်းခံခဲ့သော်လည်း လက်တွေ့တွင် ပြန်လည်ပေးအပ်ခြင်းမပြုကြောင်း ရန်ကုန် သံဃာတော်တပါးက မိန့်ကြားသည်။

ယင်းကဲ့သို့ ကားလေလံပစ်နေခြင်းကြောင့် ပြည်တွင်းကားဈေးကွက်ပျက်နေပြီး ၀ယ်လက်မရှိကြောင်း ဟံသာဝတီ ကားပွဲစားတဦးက ဆိုသည်။

“ကားဈေးကျလို့ အ၀ယ်လိုက်လားဆိုရင် အ၀ယ်မလိုက်ဘူး။ မြန်မာနိုင်ငံရဲ့ ဈေးကွက်က တမျိုးလေ။ တက်ပြီဆိုရင် ၀ယ်တယ်။ ကျပြီဆိုရင် မလိုချင်ကြတော့ဘူး။ အဲလိုဖြစ်နေတာ။ ဆန်ဈေးကြည့်လေ။ တက်ရင် အလုအယက်ဝယ်ကြတာ။ ကျနေလို့ကတော့ ကျတုန်း ၀ယ်ထားဦးမယ် ဆိုတဲ့ သူမရှိဘူး။ ကားလည်းအဲလိုပဲ။ နောက်စီးပွားရေး ကျနေကြတာရယ်။၂၀၁၀ မှာ အပြောင်းအလဲတွေ ရှိနိုင်တာရယ်ဆိုတော့ ပိုဆိုးတာပေါ့။ ပွဲစားတွေ အကုန် ငုတ်တုတ်မေ့နေကြတာရယ်” ဟု ၎င်းကဆိုသည်။

နအဖကမူ လူထုအကြား ငွေရှားပါးနေချိန်တွင် ဆိုင်ကယ်လိုင်စင်ချထားခြင်း၊ ကားလေလံပစ်ခြင်းတို့ဖြင့် ဘဏ္ဍာငွေရှာကြံလျက်ရှိရာ မကြာမီတွင် လားရှိုးမြို့၌ သိမ်းဆည်းကားစီးရေ (၂၀၀) နီးပါးကို လေလံတင်ဦး မည်ဖြစ်ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read more...

အိုဘားမားအကြောင်း သီတဂူ ဆရာတော် ဟောကြား

27 January 2009
ကိုစိုး

ကမ္ဘာ့ သာသနာပြု သီတဂူ ဆရာတော် အရှင်ဉာဏိဿရ၏ နာဂစ်မုန်တိုင်း ဒုက္ခသည်များ အကူအညီပေးရန် တရားပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင် ဒေသတွင် ယမန်နေ့ ညပိုင်းက ကျင်းပခဲ့ရာ မြန်မာနိုင်ငံသား တသောင်းခန့် လာရောက်ကြကြောင်းနှင့် အလှူငွေ ဘတ် ၄ သိန်းကျော် ရရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဟာချိုင်ရောက် မြန်မာ အလုပ်သမားများက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ နာဂစ် မုန်တိုင်း ဒုက္ခသည်များကို စာနာ၍ အကူအညီပေးလိုသည့်အတွက် ယခုကဲ့သို့ ဆရာတော် အရှင်ဉာဏိဿရအား ပင့်ဖိတ်၍ တရားပွဲ ကျင်းပရခြင်း ဖြစ်သည်ဟု တရားပွဲ စီစဉ်သည့် မဟာချိုင် ကျောင်းသစ်ကျောင်းမှ အရှင်ဝါယမက ပြောသည်။

“ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာ အလုပ်သမားတွေကနေ ဧရာဝတီတိုင်းက နာဂစ်ဒုက္ခသည်တွေကို စာနာပြီး ကူညီချင်တော့ ပြည်တွင်းထဲမှာ တိုက်ရိုက်ဆောင်ရွက်ပေးနိုင်တာက၊ အကြောင်း အမျိုးမျိုးနဲ့ ညီညွတ်နေတာ က သီတဂူ ဆရာတော်ကြီးပဲ ရှိတယ်၊ အဲဒါနဲ့ ဆရာတော်ကြီးကို ပင့်ဖိတ်ပြီးတော့ ချွေးနှဲစာထဲက ငွေလေးတွေကို စုဆောင်းပြီး လှူဒါန်းငွေတွေကို ရေစက်ချပြီးကပ်တယ်၊ မနေ့က တရုတ်နှစ်ကူး ပိတ်ရက်လည်း ဆိုတော့ လူ ပိုများသွားတယ်၊ ဆရာတော်ကြီး ပေးနိုင်တဲ့ ရက်နဲ့ ချိန်ပြီးတော့ ကျင်းပ ဖြစ်တာပါ”ဟု အရှင်ဝါယမက ဧရာဝတီသို့ မိန့်ကြားသည်။

ယမန်နေ့ညက ကျင်းပသည့် တရားပွဲတွင် ဆရာတော် အရှင်ဉာဏိဿရက အပြောင်းအလဲ သဘောကို အခြေခံ သည့်“တိုက်ပွဲနဲ့ အောင်ပွဲ”အမည်ရှိသော တရားကို ဟောကြားကြောင်းလည်း သိရသည်။

“ဆရာတော်ကြီးတရား အကြောင်းအရာကတော့ အမေရိကားက အိုဘားမားရဲ့ ချိန်းပေါ်လစီ (change policy) ပေါ့၊ အကျဉ်းရုံး ပြောရရင် ချိန်းပေါ်လစီကို အခြေခံပြီးတော့ We need to change အပြောင်းအလဲကို လိုချင် တယ်ပေါ့၊ ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသား တောထွက်တယ်၊ သိဒ္ဓတ္ထ မင်းသားက ဘုရားဖြစ်ဖို့ ဒုက္ကရ စရိယာ ကျင့်ပြီး မဖြစ်တော့ လမ်းစဉ်နဲ့ ပေါ်လစီ ပြောင်းရတယ်ပေါ့၊ I need to change ပေါ့၊ အဲဒီတော့ ဒီမှာတရားနာ နေတဲ့ လူတွေကရော ဘယ်လိုအော်မလဲပေါ့၊ သူက ဒီလိုမေးတာ၊ အားလုံးက စကား လုံးအရသာ မပြောနိုင်ရင် နေမယ် ပြောင်းလဲဖို့ လိုတယ်ဆိုတာတော့ နားလည်တာပေါ့၊ ပြောင်းလဲတယ်ဆိုတဲ့ နေရာမှာလည်း ဘာသာရေး လည်း ဖြစ်နိုင်တယ်၊ စီးပွားရေးလည်း ဖြစ်နိုင်တယ်၊ နိုင်ငံရေး ပေါ်လစီလည်းပဲ ဖြစ်နိုင်တာပေါ့”ဟု အရှင်ဝါယမ က ရှင်းပြသည်။

ထို့ပြင် နာဂစ် ဒုက္ခသည်များသို့ ယခု မဟာချိုင်ရှိ မြန်မာအလုပ်သမားများ၏ လှူဒါန်းငွေများ အပါအ၀င် ယခုအချိန် အထိ အလှူငွေ စုစုပေါင်း ကျပ် သိန်းပေါင်း ၇ သောင်း ကျော်ရှိပြီဖြစ်သည်ဟု နာဂစ် ဒုက္ခသည်များနှင့် ပတ်သက် ၍လည်း တရားပွဲတွင် ဆရာတော်ကြီး က အလုပ်သမားများ ၀မ်းသာပီတိဖြစ်စေရန် ထည့်သွင်းပြောကြားသွား ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တရားပွဲကို သွားရောက်ခဲ့သော မဟာချိုင်ရှိ မြန်မာအလုပ်သမား တဦးဖြစ်သူ ကိုမျိုးသော်ကလည်း ဆရာတော်ကြီးတရားပွဲကို ယခုကဲ့သို့ ကြားနာရခြင်းနှင့် ဆရာတော်ကြီးအား အနီးကပ် ဖူးတွေ့ရသောကြောင့် စိတ်အင်အား ဖြစ်ကာ ၀မ်းသာပီတိ ဖြစ်ရကြောင်း ပြောသည်။

“ကျနော်တို့ ၀မ်းသာတယ်၊ ကျေနပ်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူများနိုင်ငံမှာ လူအများကြီး ဒီလောက် စုဖို့ ဆိုတာ ဘယ်လိုမှ မလွယ်ဘူး၊ တချို့ နှစ်ပေါင်း များစွာဝေးနေတဲ့ သူငယ်ချင်းတွေလည်း လာပြီး ဆုံတွေ့ကြ ရတယ်၊ အချိန်တိုလေး အတွင်းမှာ၊ ပြီးတော့ ဒီလိုမျိုး ဆရာတော်ကြီးကိုလည်း အနီးကပ်ဖူးရတယ်၊ ဒီမှာရှိတဲ့ အလုပ်သမားတွေကလည်း အဲဒီလိုဖူးရလို့ ၀မ်းသာ ပီတိဖြစ်ကြတယ်၊ စိတ်အင်အားတွေလည်း ပြန်ရလာတယ်ပေါ့၊ ဆရာတော်ကြီးကလည်း မဟာချိုင်မှာ ဒီလိုမြန်မာ အလုပ်သမားတွေ စုစည်းတွေ့လို့ ၀မ်းသာတယ်၊ မြန်မာပြည်ကို မမေ့ဖို့ ၊ ကိုယ်တတ်နိုင်တဲ့ ဘက်က ၀ိုင်းဝန်းလုပ်ဆောင်ဖို့ ပြောတယ်”ဟု ၎င်းက ပြောပြသည်။

ဆရာတော် အရှင်ဉာဏိဿရ၏ တရားပွဲကို ပထမ အကြိမ်ကပင် နာယူဖူးသည့် မဟာချိုင်ရှိ မြန်မာအလုပ်သမား တဦးကလည်း ၀မ်းသာပီတိ ဖြစ်ရကြောင်း ပြောဆိုသည်။

“ဆရာတော်တရားပွဲမှာ လူတွေ ခန့်မှန်းခြေ ၈၀၀၀ ၊ ၉၀၀၀ လောက်ရှိမယ်၊ အကုန်လုံး မြန်မာပြည်သားတွေ ချည်းပဲ၊ ၂၆ ရက်နေ့ တရုတ်နှစ်သစ်ကူး ဆိုတော့ အလုပ်တွေလည်း ပိတ်ကြတယ်၊ များသောအားဖြင့် တရုတ် တွေနဲ့ ဆက်စပ်တော့ ပိတ်တယ်၊ နာဂစ် ဒုက္ခသည်တွေ အတွက် ကူညီထောက်ပံ့ဖို့ အလုပ်သမားတွေအတွက် တရားပွဲ လုပ်ပေးတာလို့ ဖိတ်စာထဲမှာတော့ ရေးထားတယ်၊ ဆရာတော်ကြီး တရားပွဲကို နာရတာ ၀မ်းသာတယ်၊ ပထမ အကြိမ်တုန်းကလည်း နာဖူးတယ်၊ အလှူငွေလည်း တော်တော်လေး ရမယ်ထင်တယ်”ဟု အထက်ပါ မြန်မာ အလုပ်သမားက ဆိုသည်။

ဆရာတော် အရှင်ဉာဏိဿရ၏ ပထမအကြိမ် တရားပွဲကို ယမန်နှစ် ဇူလိုင်လအတွင်းက ယင်း မဟာချိုင် ထိုင်း ယူနီယံ အားကစားကွင်း တွင်ပင် နာဂစ် ဒုက္ခသည်များ အလှူငွေအတွက် ကျင်းပခဲ့ပြီး အလှူငွေ ဘတ် ၁၀ သိန်း ကျော် ရရှိခဲ့ကြောင်း သိရသည်။ မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ နေထိုင် လုပ်ကိုင်လျှက်ရှိ သည်။

အရှင်ဝါယမက “ဆရာတော်ကြီး လုပ်နေတာတွေကို ဘုန်းကြီးတို့က အားကျတယ်၊ အဲဒီအပေါ်မှာ ပံ့ပိုးပေး ချင် တယ်၊ အားလုံးကလည်း သူဟောတဲ့တရားပေါ်မှာ ကျေနပ်တယ်၊ လက်ခံတယ်၊ ဒီဝေဒနာက လူတိုင်း ခံစား နေရ တာလေ၊ ဆရာ တော်ဟောလိုက်တာက ကိုယ့်ခံစားမှုနဲ့ ထပ်တူကျတဲ့အခါကျတော့ စိတ်ထွက်ပေါက် ရတာပေါ့၊ ဒါပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တဲ့အခါကျတော့ လုပ်ရကိုင်ရတာ နည်းနည်းခက်ခဲတာပေါ့၊ အဲဒီ ပရိသတ် အများကြီးနဲ့ လူစုလူဝေးဖြစ်တဲ့ အခါမှာ အဆင်မပြေမှုတွေက အများကြီး၊ မမျှော်လင့်တဲ့ အန္တရာယ် တွေက အချိန်မရွေး ရနိုင်တယ်၊ စွန့်စွန့်စားစား ၀ိုင်းလုပ်ကြရတာ”ဟု မိန့်ကြားသွားသည်။

Ref: ဧရာဝတီ

Read more...

Tuesday, January 27, 2009

ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် ကုလသမဂ္ဂ အတည်ပြု

27 January 2009

ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ မကြာခင်မှာ မြန်မာပြည်ကို ပြန်သွားဖို့ စီစဉ် ထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ကိုယ်စားလှယ်ကို မြန်မာပြည်ပြန်သွားဖို့ တောင်းဆိုခဲ့တာပါလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘဲ (Marie Okabe) က တနင်္လာနေ့မှာ ပြောဆိုပါတယ်။ မြန်မာစစ်အစိုးရကလည်း ဖိတ်ကြားထားပါတယ်လို့ သူမက ဆိုပါတယ်။

မစ္စတာဂမ်ဘာရီဟာ ဇန်န၀ါရီလ ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမယ်ဆိုတဲ့ သတင်းတွေ အရင်အပတ်က ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းတွေကိုတော့ ပြောရေးဆိုခွင့်ရှိသူက အတည်မပြုပါဘူး။

အရင်အခေါက်တွေတုန်းက စစ်အစိုးရကို တင်ပြခဲ့တဲ့ ကိစ္စရပ်တွေ တိုးတက်မှုရှိဖို့တော့ လိုအပ်တယ်လို့ မစ္စတာဘန်ကီမွန်း (Mr Ban Ki-moon) က ထင်မြင်ကြောင်း သူမက ပြောပါတယ်။ အတိုက်အခံနဲ့ ရင်ကြားစေ့ရေး၊ ဒါမှမဟုတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့အတွက် ကုလသမဂ္ဂက တိုက်တွန်းခဲ့ရာမှာ တိုးတက်မှုမရှိခဲ့တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အားမလို အားမရ ဖြစ်နေပါတယ်။

အမေရိကန်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို ထပ်သွားဖို့ လမ်းခင်းပေးရာ ရောက်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောကြားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မစ္စတာဂမ်ဘာရီကို တွေ့ဆုံဖို့ ပြင်ဆင်ထားကြောင်း၊ ဒါပေမယ့် သူ့ခရီးစဉ်က ကြီးကြီးမားမား ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့် မထားကြောင်း ပြောကြားပါတယ်။ ပြီးခဲ့တဲ့နှစ်က အဖမ်းအဆီးတွေနဲ့ အန်န်အယ်လ်ဒီ အဖွဲ့ဝင် ၃၀၀ အပေါ် ပြစ်ဒဏ်ချမှတ်ခဲ့တာတွေကို ဆွေးနွေးမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားပါတယ်။

တချို့ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကြောင့် နိုင်ငံတကာဖိအား လျော့သွားပြီး စစ်အစိုးရကို အကျိုးများစေလိမ့်မယ်လို့ ထင်မြင်ကြပါတယ်။

Ref: VOA News

Read more...

ဝါရှင်တန်သံအမတ်ဟောင်း ဦးလင်းမြိုင်ကို နအဖက အမေရိကန်ပြန်လွှတ်ဟု အတိုက်အခံ စွပ်စွဲ

NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉

တချိန်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့၌ မြန်မာသံအမတ် တာဝန်ထမ်းဆောင်ခဲ့သူ သံအမတ်ဟောင်း ဦးလင်းမြိုင် မကြာခင်က အမေရိကန်နိုင်ငံ ပြန်ရောက်နေသည်ဟု ရန်ကုန်မြို့မှ ဦးလင်းမြိုင်နှင့် နီးစပ်သူများက အတည်ပြုပြောသည်။

ဝါရှင်တန် မြန်မာသံရုံးမှတဆင့် အိုဘားမား၏ အမေရိကန် အစိုးရသစ်အား ချဉ်းကပ်ပြီး မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး စည်းရုံးရန်အတွက် မြန်မာစစ်အစိုးရက ဦးလင်းမြိုင်ကို ယခုကဲ့သို့ တိုးတိုးတိတ်တိတ် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန် အတိုက်အခံ ရပ်ကွက်က ပြောသော်လည်း အဆိုပါအချက်ကို ခေတ်ပြိုင်က အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်သည် ယခုတခေါက် အမေရိကန်သို့ ၀င်လာရန်အတွက် လက်ရှိ ၀ါရှင်တန်မြန်မာသံရုံး ယာယီတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးမြင့်လွင်နှင့် ချိတ်ဆက်လုပ်ပြီး ရောက်လာခြင်းဖြစ်သည်။

မြန်မာသံအမတ်ဘ၀က အမေရိကန်အစိုးရပိုင်းနှင့် အတန်အသင့် ဆက်ဆံနိုင်ခဲ့သည့်အတွက် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး အောင်မြင်ရန်အတွက် မြန်မာသံရုံးကို နောက်ကွယ်မှ ကြိုးကိုင်အကြံပေးရန် မြန်မာစစ်အစိုးရက လွှတ်လိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

သို့သော် ရန်ကုန်အမေရိကန်သံရုံးက မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်၏ ပထမအကြိမ် ဗီဇာလျှောက်ထားမှုကိုငြင်းဆိုပြီး နောက်တကြိမ် ဗီဇာလျှောက်မှ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးလင်းမြိုင်၏ မိတ်ဆွေ အသိုင်းအ၀န်းက အတည်ပြုပြောသည်။ မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်အား မည်သူမည်ဝါဖြစ်သည်ကို သိလျက် ရန်ကုန်အမေရိကန်သံရုံးမှ အဘယ့်ကြောင့် ဗီဇာထုတ်ပေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် ဝါရှင်တန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာ အတိုက်အခံများ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်လာအောင် နည်းအမျိုးမျိုးဖြင့် တက်တက်ကြွကြွ စည်းရုံးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင် ဝါရှင်တန်တွင် တာဝန်ထမ်းဆောင်နေစဉ် တွေ့ဆုံခဲ့သည့် အတိုက်အခံများထဲတွင် မြန်မာနိုင်ငံ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် ဒေါက်တာဇာနည်လည်း ပါဝင်ခဲ့သည်ဟု စုံစမ်းသိရသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက် ဒေါက်တာဇာနည် မြန်မာပြည်ပြန်ပြီး နအဖ ထိပ်တန်းအရာရှိ အချို့နှင့် တိတ်တဆိတ် လာတွေ့သည့် အကြောင်းကို မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က အမေရိကန် မြန်မာအတိုက်အခံများအား ဖုန်းဆက်ပြောခဲ့သည်ဟု အတိုက်အခံအချို့က စွပ်စွဲခဲ့သည်။

မြန်မာ့အရေး ဆောင်ရွက်နေသည့် အမေရိကန် အထက်လွှတ်တော် အမတ်များဖြစ်သည့် Mitch McConnell နှင့် Dianne Feinstein တို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား အမေရိကန်မှ နှင်ထုတ်ရန် ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီး ကော်လင်းပါဝဲထံ စာရေး တောင်းဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ပြုတ်ပြီးမကြာခင် ဦးလင်းမြိုင်အပါအ၀င် နိုင်ငံခြားရှိ မြန်မာသံအမတ်များကို ၂၀၀၄ ခု ဒီဇင်ဘာ (၂) ရက်နေ့ ရန်ကုန်အရောက် စစ်အစိုးရက ရုတ်တရက် ပြန်ခေါ်ခဲ့သည်။

အမေရိကန်နိင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား နအဖက ရန်ကုန်ပြန်ခေါ်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူး ခန့်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန စီမံရေးနဲ့အုပ်ချုပ်ရေးဌာန၏ ထိုအချိန်က ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကိုကို ကျော်ကို အငြိမ်းစားပေးပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်နှင့် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးမှ ပြုတ်သွားသည့် ဗိုလ်မှူးကြီး ကိုကိုကျော်သည် ၁၉၉၉ ခုနှစ်က မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂ဝဝ၃ ခုနှစ် အောက်တိုဘာ (၂၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် နအဖ ကြေညာခဲ့သည့် အမျိုးသားညီလာခံ ကျင်းပရေး ကော်မတီဝင် (၄၃) ဦးစာရင်းမှာလည်း ဗိုလ်မှူးကြီး ကိုကိုကျော်၏ အမည် ပါဝင်ခဲ့သည်။ သို့သော် ပြုတ်သွားသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဗိုလ်မှူးကြီး ကိုကိုကျော် ပတ်သက်မှု ရှိမရှိဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် DSA အပတ်စဉ် (၁၁) မှ ဖြစ်ပြီး ရေတပ်မှာ ဗိုလ်မှူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခင် ရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့နှင့် တပတ်စဉ်တည်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးသူဖြစ်သည်။ မြန်မာစစ်အစိုးရ ရေတပ်မှာ အရာရှိ အဖြစ် (၂၆) နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၃ ခုနှစ်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အမှုထမ်း ဆောင်ခဲ့ကြောင်း Washington Diplomat သတင်းစာမှာ ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read more...

ပရီပေးကတ်ကြောင့် ဂျီအက်စ်အမ်ဖုန်း ဆက်သွယ်ရ ခက်ခဲလာ

NEJ/ ၂၇ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်မြို့နှင့် နယ်မြို့အချို့တွင် တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ်များ ရောင်းချပေးခဲ့ပြီးနောက်ပိုင်း ဂျီအက်စ်အမ်ဖုန်းများ ဆက်သွယ်ရ ပိုမိုခက်ခဲလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ ဘောက်ထော်တွင် နေထိုင်သူ တဦးက “ကျမကိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းဟာ ပုံမှန်အားဖြင့် အိမ်ကနေ လိုင်းမိပါတယ်။ အသံပိုပြီး ကြည်ကြည်လင်လင် ကြားချင်ရင်တော့ အိမ်အပြင်ဘက်နား ထွက်ပြီး ပြောရုံပဲ။ ခုတော့ ကျမ သတိထားမိသလောက် ပရီပေးဆင်းကတ်တွေ ထုတ်ရောင်းပြီးနောက်ပိုင်း နေ့ဘက်ဆို လုံးဝ ဆက်သွယ်လို့ မရတော့ဘူး။ အဝင် မမိသလို အထွက်လည်း ခေါ်မရတော့ဘူး။ ည (၁၂) နာရီ နောက်ပိုင်းဆိုရင်တော့ နည်းနည်းခေါ်လို့ ဆက်လို့ရတယ်။ ဒါကြောင့် နိုင်ငံခြားရောက်နေတဲ့ မိသားစုဝင်တွေကို ည (၁၂) နာရီ နောက်ပိုင်းမှ ခေါ်ဖို့ ပြောထားရတယ်” ဟု ပြောသည်။


ရန်ကုန်မြို့လည် ဘိုကလေးဈေးလမ်းတွင် နေထိုင်သူတဦးကလည်း “ယခင်က ဖုန်းလာပါက ဖုန်းပြောလိုပါက ဝရံတာထွက်ပြီး ပြောရင် ကြားနိုင်ပေမယ့် ပရီပေးကတ်တွေ ထုတ်ရောင်းပြီးနောက်ပိုင်း လုံးဝနီးပါး ဆက်သွယ်လို့ မရတော့ကြောင်း၊ ဒါကြောင့် ဖုန်းဆက်ချင်ရင် လမ်းထိပ်က အများသုံး တယ်လီဖုန်းဆိုင်မှာ သွားဆက်ရကြောင်း၊ ဖုန်းလက်ခံဖို့ကိုတော့ မနက်စောစောပိုင်းတွေမှာ ဆက်ရန် သူငယ်ချင်းတွေကို မှာထားရတယ်” ဟု ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်မြို့လည် ကျောက်တံတား၊ လသာ၊ ဗိုလ်တထောင် ပတ်ဝန်းကျင်မှ အများသုံးတယ်လီဖုန်းဆိုင်များကို စုံစမ်းကြည့်ရာ ခုနောက်ပိုင်း ဂျီအက်စ်အမ်ဖုန်း ကိုင်ထားသူများ ၎င်းတို့၏ ဆိုင်ကို လာပြီး ဖုန်းဆက်သည်ကို အများအပြားတွေ့ရကြောင်း ပြောသည်။

ယခုကဲ့သို့ ပရီပေးကတ်များ ထုတ်ရောင်းခြင်းကြောင့် ဂျီအက်စ်အမ်ဖုန်းအများအပြား ဆက်သွယ်ရ ခက်ခဲသွားခြင်းသည် မှန်ပါသလားဟု မရမ်းကုန်းအိပ်ချိန်းမှ တာဝန်ကျ အင်ဂျင်နီယာတဦးကို မေးမြန်းကြည့်ရာ ၎င်းက မှန်ကန်ကြောင်း ပြောသည်။

၎င်းက မြန်မာ့ဆက်သွယ်ရေးနှင့် ထူးကုမ္ပဏီတို့ သဘောတူချက်အရ အကယ်၍ ဆက်သွယ်မှုများ အလွန် ခက်ခဲလာပါက ပရီပေးကတ် ရောင်းချမှုကို လျှော့ချမည်ဟု ပြောဆိုထားပြီး ဖြစ်ကြောင်း၊ ယခု ဆက်သွယ်ရ ခက်ခဲသော်လည်း ပြည်သူများထံမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တိတိကျကျ တိုင်ကြားအရေးဆိုခြင်း မရှိသည့်အတွက် ကိုင်တွယ်ဖြေရှင်းပေးခြင်းမရှိကြောင်း ရှင်းပြသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီးဌာနက ဂျီအက်စ်အမ် ဆင်းကတ်များကို ကျပ် (၁၅) သိန်းနှုန်းဖြင့် အများပြည်သူကို ငှားရမ်းပေးပြီး အဆိုပါ ဂျီအက်စ်အမ် ဆင်းကတ် ဈေးနှုန်း၏ ပြင်ပ ပေါက်ဈေးမှာ ကျပ် သိန်း (၂ဝ) ကျော်ဈေးရှိသည်။

အဆိုပါဂျီအက်စ်အမ်ဖုန်းများကို မြန်မာနိုင်ငံ မြို့ကြီး (၅၁) မြို့တွင် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း အသုံးပြုခွင့်ပေးထားသည့် ဖုန်းအရေအတွက်နှင့် တပ်ဆင်ပေးထားသည့် စက်အင်အား မမျှခြင်းကြောင့် မြို့အားလုံးနီးပါး၏ နေရာအတော်များများ ဆက်သွယ်၍ မရကြောင်း သိရသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးက ထူးကုမ္ပဏီ လက်အောက်ခံ Central Marketing ကုမ္ပဏီကို ပြီးခဲ့သည့် ဒီဇင်ဘာလ ရတနာပုံစီးတီး အိုင်တီပြပွဲမှစ၍ အက်ဖ်အီးစီ (၁ဝ) နှင့် (၂ဝ) တန် တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ်များကို ရောင်းချခွင့်ပြုခဲ့သည်။

နောက်ထပ် အသုံးပြုလာမည့် ဂျီအက်စ်အမ် တခါသုံး ပရီပေးဆင်းကတ်များအတွက် စက်ပစ္စည်း ထပ်မံတပ်ဆင်ခြင်းမျိုး မလုပ်ခဲ့သည့်အတွက် နဂိုကတည်းက ဆက်သွယ်ရ ခက်ခဲသည့် ဂျီအက်စ်အမ် ဖုန်းများ ယခုနောက်ပိုင်း ပိုမို ဆက်သွယ်ရ ခက်ခဲလာခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် Central Marketing ကုမ္ပဏီကမူ FEC (၂ဝ) တန်ကတ်များကို ဒုတိယအသုတ်အဖြစ် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်၊ ရွှေဘို၊ မုံရွာ၊ မကွေး၊ လားရှိုး၊ မြစ်ကြီးနား၊ ပုသိမ်၊ စစ်တွေ၊ မူဆယ်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ကျောက်မဲ၊ တောင်ကြီး၊ မိတ္တီလာ စသည့် မြို့ကြီးတို့တွင် ဆက်လက်ရောင်းချနေပြီး နောက်ပိုင်း ဂျီအက်စ်အမ် အသုံးပြုနိုင်သည့် မြို့ (၅၁) မြို့လုံး၌ ရောင်းချသွားမည်ဟု ကြေညာထားသည်။ လက်ရှိ တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ် (၃) သောင်းကျော် ရောင်းချပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: ခေတ်ပြိုင်

Read more...

ထိုင်းရောက် ရိုဟင်ဂျာဒုက္ခသည်များ တွေ့ခွင့်မရလို့ ကုလစိတ်ပူ

26 January 2009

ထိုင်းနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံကလို့ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အခုအချိန်အထိ တွေ့ခွင့် မရသေးတဲ့အတွက် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောလိုက်ပါတယ်။ ထိုင်းရေပိုင်နက်ထဲကို တရားမ၀င် လှေစီး ၀င်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၂၆ ယောက်နဲ့ UNHCR က တွေ့ဆုံခွင့်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက တောင်းဆို ထားပေမယ့် အခုအချိန်အထိ ထိုင်းအစိုးရဘက်က တရားဝင်တုံ့ပြန်မှု မရသေးဘူးလို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရသူ ကစ်တီ မက်ကင်ဆီက ပြောပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။


“ထိုင်းနိုင်ငံထဲမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာဒုက္ခသည်အားလုံးနဲ့ တွေ့ခွင့်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားပေမယ့် အခုအချိန်အထိ မရသေးဘူး။ ဒီရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ မျိုးစုံပြောနေကြတာကိုလည်း UNHCR က အင်မတန် စိုးရိမ်တဲ့အတွက် ဒုက္ခသည်တွေနဲ့ တိုက်ရိုက် တွေ့ဆုံလိုတာဖြစ်တယ်” လို့ မစ္စမက်ကင်ဆီက ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလို့ဆိုတဲ့ ရိုဟင်ဂျာ ၁,၀၀၀ လောက်ဟာ ထိုင်းနိုင်ငံထဲကို တရားမ၀င် ရေလမ်းကနေ ၀င်လာခဲ့တာကို ထိုင်းရေတပ်က ဖမ်းမိပြီး တချို့ကို ဖမ်းထားကာ၊ တချို့ကိုတော့ အင်ဂျင်စက်ဖြုတ်ထားတဲ့လှေတွေနဲ့ ပင်လယ်ထဲကို အတင်း ပြန်ပို့ခဲ့ပါတယ်။ သူတို့ကို အိန္ဒိယနဲ့ အင်ဒိုနီးရှားရေတပ်တို့က ကယ်တင်ခဲ့ရပါတယ်။ ရိုဟင်ဂျာ ၃၀၀ လောက်ဟာလည်း လမ်းခရီးမှာပဲ အစာရေစာပြတ်လပ်ပြီး သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းတွေ ပေါ်ထွက်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက တောင်းဆိုနေတာဖြစ်ပါတယ်။ ဒီအပေါ်မှာ ထိုင်းနိုင်ငံခြားရေးဌာန ပြန်ကြားရေးရုံး ညွှန်ကြားရေးမှူးချုပ် တာရစ် ချာကိုဝပ်ကတော့ သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။

“ထိုင်းအစိုးရအနေနဲ့ UNHCR ဌာနေရုံးနဲ့ရော ဆွစ်ဇာလန်မှာရှိတဲ့ ရုံးချုပ်နဲ့ပါ ဆွေးနွေးနေပါတယ်။ ဒုက္ခသည်တွေ ခံစားနေရတာကို ထိုင်းနိုင်ငံက စာနာပေမယ့် ကုလသမဂ္ဂအနေနဲ့ ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို လေးစားဖို့” လည်း ပြောသွားပါတယ်။

အခုလို ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်ကလို့ ပြောနေပေမယ့် ဒီဒုက္ခသည်တွေကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းမှာရှိတဲ့ မြန်မာသံရုံးဘက်က တစုံတရာ ဆောင်ရွက်ခြင်း ရှိမှာမဟုတ်ဘူးဆိုတာကို UNHCR အာရှဒေသဆိုင်ရာ ပြောခွင့်ရသူ ကစ်တီ မက်ကင်ဆီက အခုလိုပြောပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံသားတွေ မဟုတ်ပါဘူးလို့ မြန်မာအစိုးရက အရင်ကတည်းက ပြောထားတဲ့အတွက် ထိုင်းမှာရှိတဲ့ မြန်မာသံရုံးက ဒီကိစ္စမှာ တစုံတရာ ပါဝင်ပတ်သက်မယ်လို့ မမြင်ကြောင်း” မစ္စမက်ကင်ဆီက ပြောသွားပါတယ်။

မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာတွေဟာ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေမှာသွားပြီး တရားမ၀င် အလုပ်လုပ်နိုင်ဖို့အတွက် ရေလမ်းကနေ ခိုးဝင်နေကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read more...

Monday, January 26, 2009

လူကုန်ကူးခံရသူ မိန်းကလေး ၃ ဦး စိုးရိမ်ရ

Monday, 26 January 2009
ကိုစိုး

တရုတ် နိုင်ငံဘက်သို့ နယ်စပ် ဖြတ်ကျော် လူကုန်ကူး ခံခဲ့ရသော မိန်းကလေး ၃ ဦးနှင့် ပတ်သက်သည့် လက်ရှိ အခြေအနေမှန်ကို မကြားသိရ သောကြောင့် မိသားစုဝင်များက အလွန်စိုးရိမ်လျှက်ရှိကြောင်းသိရသည်။

၂၀၀၈ ခုနှစ် ဧပြီလအတွင်းကတည်းက တရုတ်နိုင်ငံတွင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန်ဟုဆိုကာ ခေါ်ဆောင် သွားခံရသည့် လှိုင်သာယာ ၃ ရပ်ကွက်မှ မဖြိုးသီတာ အသက် ၂၀ နှစ်၊ မသီတာမိုး အသက် ၁၈ နှစ် နှင့် မသန္တာဝင်း အသက် ၂၃ နှစ်တို့ကို လွန်ခဲ့သည့် အပတ် ၂၀ ရက်ဝန်းကျင်ခန့်က စတင်အဆက်အသွယ် ပြတ်ခဲ့သော ကြောင့် အလွန် စိုးရိမ်ပူပန်မိသည်ဟု ရန်ကုန်မြို့ရှိ မသန္တာဝင်း၏ ဆွေမျိုးသားချင်းတဦး ကပြောသည်။

“သူတို့ ခေါ်သွားတာ အခုဆိုရင် ၉ လ လောက်ရှိသွားပါပြီ၊ ဆက်သွယ်ပေးတဲ့သူက တလမ်းထဲကပဲ ၊ တလကို ကျပ် တသိန်း ပေးမယ်ဆိုပြီး စက်ချုပ်ဖို့ ခေါ်သွားတာ၊ ခေါ်တဲ့သူ လင်မယား ၂ ယောက်က ယောက်ျားက တရုတ်က၊ မိန်းမက လှိုင်သာယာက ပဲ၊ ခေါ်သွားပြီးတော့ ဖုန်း အဆက်အသွယ်တွေ ဘာတွေလည်း သိပ်လုပ်မပေးဘူး၊ ကျမ တို့ကလည်း အဆင်ပြေနေတယ်လို့ ထင်တာပေါ့၊ ဖုန်းခိုးဆက်လို့ရတော့မှ အဆင်မပြေဘူးဆိုတာကို သိရ တယ်၊ အဲဒါ အဆက်အသွယ်မရတော့ အခုစိတ်ပူနေတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

အဆိုပါ မိန်းကလေးများ ပြန်လာနိုင်ရန် စရိတ် အတွက် တဦးလျှင် ကျပ်ငွေ ၉ သိန်း စီ ပို့ပေးရန် လိုအပ်ကြောင်း ခေါ်ဆောင်သွားသူ တရုတ်အမျိုးသားက ဖုန်းဖြင့် ဆက်သွယ်၍ တောင်းခံသည်ဟုလည်း သိရသည်။

“သူတို့ကို စက်ချုပ်ဖို့ ခေါ်သွားပြီးတော့ အဲဒီအလုပ်က တလပဲလုပ်ရတယ်၊ အိမ်ထဲမှာထားပြီး သူတို့ခိုင်းတာ လုပ် ရ တယ်၊ ကျွန်လိုခိုင်းတယ်၊ မောက်မောက်မာမာ ဆက်ဆံတယ်ဆိုတာတွေကို ဖုန်းဆက်တော့မှ သိရတယ်၊ ၂၂ ရက်နေ့နောက်ပိုင်း ကောင်မလေးတွေနဲ့ လုံးဝအဆက်အသွယ် မရတော့ဘူး၊ အဲဒါ မနေ့က ခေါ်သွားတဲ့ တရုတ် အမျိုးသားက ကျမတို့ဆီ ဖုန်းဆက်တယ်၊ ပြန်လာလို့ ရဖို့ တယောက်အတွက် ငွေ ၉ သိန်းစီပို့ရမယ်တဲ့၊ နဂို က တည်းက ပိုက်ဆံ မရှိလို့ အလုပ် သွားလုပ်ပါတယ်၊ ဘယ်လိုပို့နိုင်မှာလဲ”ဟု အထက်ပါ မသန္တာဝင်း၏ ဆွေမျိုး သားချင်း ဖြစ်သူက ဆိုသည်။

ယင်းမိန်းကလေး ၃ ဦးသည် တရုတ်ပြည် စန့်ဟိုင်းပြည်နယ် ၊ တိုင်းဆက်မြို့၊ နိုင်းဇောင်း ရပ်တွင် ရောက်ရှိနေပြီး ၎င်းတို့သည် မကြာသေးသောကာလတွင် ရောင်းစားခံရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရကြောင်းမိန်းကလေး များနှင့် အဆက်အသွယ်ရခဲ့သည့် တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ မြန်မာနိုင်ငံသား တဦး ကပြောပြသည်။

“သူတို့ အလုပ်လုပ်တဲ့ နေရာကထွက်လာတော့ ကျနော်နဲ့ ဖုန်းရတယ်၊ သူတို့ကို မြန်မာပြည်ကနေ ခေါ်လာပြီး တော့ ရောင်းစားခံရမယ့် အခြေအနေမျိုးဖြစ်နေတယ်၊ ကူညီပါဆိုလို့ ကျနော်က သူတို့ ငှားစီးတဲ့ တက္ကစီသမားနဲ့ တရုတ်လိုပြောပြီး အနီးဆုံး ရဲစခန်းကို မောင်းပို့ခိုင်းလိုက်တယ်၊ ကောင်မလေးတွေက တရုတ်စကားလည်း မတတ်ဘူး”ဟု ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားက ပြောသည်။

၎င်းက ဆက်လက်ပြီး ယခုအခက်အခဲ ဒုက္ခကြုံတွေ့နေသော မိန်းကလေးများက မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး ရုံးသို့ ဆက်သွယ် အကူအညီ တောင်းခံခဲ့သော်လည်း ရှေ့ပိုင်းတွင် ထိရောက်သည့် အကူအညီ မရရှိကြောင်းလည်း ပြောဆိုသည်။

“အဲဒီ မူဆယ်ရုံးက ရှေ့ပိုင်းမှာ အသေအချာအလုပ်မလုပ်ဘူး၊ ဒီ လူကုန်ကူးမှုထဲမှာ ရဲ တယောက်ပါနေတာကို မထင်ပေါ်စေချင်လို့ပဲလား၊ သူတို့ကိုယ်တိုင် လူကုန်ကူးသူတွေနဲ့ တနည်းနည်း ပတ်သက်နေလို့ ပဲလား မသိဘူး၊ နောက်ပိုင်း အပေါ်က သိသွားပြီး ထောင်းလို့ ထလုပ်တာမျိုး လို့ထင်တယ်၊ ကောင်မလေးတွေ က သူတို့ ဆက် သွယ်တယ်ဆိုတာ ကျနော့်ကို ပြောပြကြတယ်”ဟု ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားက ဆိုသည်။

မူဆယ်မြို့ရှိ စစ်အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးရုံးမှ ထိပ်ပိုင်း တာဝန်ရှိသူ ဒေါ်မီနီဦးက ယင်းမိန်းကလေး များ သည် အရောင်းစားခံရခြင်းမဟုတ်ကြောင်း၊ ၎င်းတို့ဘာသာ အလုပ်အကိုင်အဆင်မပြေသောကြောင့် မြန်မာ နိုင်ငံ သို့ ပြန်ချင်သည့်အတွက် အကူအညီတောင်းခံလာခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။

“သူတို့က ရောင်းစားခံရတာလည်း မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ၉ လ လောက်ကတည်း ရောက်နေတာ၊ ၆ လ လောက် ပဲ လုပ်ရပြီး အခု နောက်ပိုင်း ၂ လ လောက်မှာ တရုတ်မှာလည်း အလုပ်လက်မဲ့တွေဖြစ်တော့ သူတို့ မလုပ်ရ တော့ဘူး၊ အဲဒါနဲ့ ပြန်ချင်လို့ ဒီကို လှမ်းဆက်သွယ်နေတာ၊ သူတို့ကို ပိတ်လှောင်ထားတာမဟုတ်ဘူး၊ အနီးစပ်ဆုံး ရဲစခန်းကို သွားပါလို့၊ အဲဒါ သောကြာနေ့လောက်ကတည်းက ရဲ စခန်းကို ရောက်သွားတယ်၊ ကျမတို့ ရဲ စခန်း အချင်းချင်း လှမ်းဆက်သွယ်တယ်” ဟု ဒေါ်မီနီဦးက ပြောပြသည်။

ထို့ကဲ့သို့ အဖြစ်မျိုးကြုံတွေ့ရသည့် မိန်ကလေးများစွာကို မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့ရကြောင်း၊ တချို့မိန်းကလေး များမှာ လွှဲပြောင်းချိန် လနှင့် ချီ ကြာပြီးမှ မြန်မာဘက်သို့ ပြန်ရောက်သည်များလည်း ရှိဖူးကြောင်း၊ ယခုလက်ရှိ တွင် တရုတ်နိုင်ငံဘက်၌ မြန်မာ မိန်းကလေး ၃ သိန်းခန့် ရှိကြောင်းလည်း ဒေါ်မီနီဦး ကဆိုသည်။

ယင်းမိန်းကလေး ၃ ဦးအား တရုတ်ပြည်ဘက်သို့ သယ်ဆောင် ကူးသန်းသူ လင်မယား နှစ်ဦးမှာ ကိုအံ့ကူ ဆိုသူ တရုတ်အအမျိုးသားနှင့် မနီနီဝင်း ဆိုသူ မြန်မာအမျိုးသမီးတို့ဖြစ်ပြီး ၎င်းတို့အား မည်သို့ အရေးယူ ဆောင်ရွက် မည် ဆိုသည်ကိုမူ မသိရှိရသေးပေ။

နောက်ဆုံးအခြေအနေအရ မိန်းကလေး ၃ ဦးမှာ မြန်မာအာဏာပိုင်များနှင့် တရုတ်အာဏာပိုင်များ အဆက် အသွယ်ရပြီး စန့်ဟိုင်းပြည်နယ်ရှိ ဒေသဆိုင်ရာ မြန်မာအာဏာပိုင်များထံ ရောက်ရှိနေကြောင်း သိရသည်။

Ref: ဧရာဝတီ

Read more...

မြန်မာပြည်တွင်း ပထမဆုံး နိုင်ငံရေးဂျာနယ် ထွက်မည်ဟုဆို

ဖနိဒါ
တနင်္လာနေ့၊ ဇန်နဝါရီလ 26 2009

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဆင်ဆာဖြတ်တောက်မှုဆိုးရွားလှသည့် မြန်မာပြည်တွင် နိုင်ငံရေးအကြောင်းအရာများ ဖော်ပြမည်ဆိုသော ဂျာနယ်တခုကို လာမည့် ကြာသာပတေးနေ့တွင် ထုတ်ဝေသွားမည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအမှီ နိုင်ငံရေးအမြင်၊ သုံးသပ်ချက်နှင့် ဆောင်းပါးများ အဓိက ဖော်ပြမည်ဆိုသော Northern Star ဥတ္တရအလင်းဂျာနယ်ကို စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာ ဒုတိယအယ်ဒီတာချုပ်ဟောင်း ဦးသီဟအောင်က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမှာဖြစ်သည်။


"မြန်မာနိုင်ငံ ဒီမိုကရေစီကို သွားနေတယ်လေ။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလမှာ သတင်းစာဆရာ၊ စာရေး ဆရာတွေ ရေးသားခဲ့တဲ့ အမှတ်ရစရာလေးတွေ၊ တိုင်းပြည်အတွက် အကျိုးရှိမဲ့ဟာတွေ ပြန်ရီဗျူးလုပ်ပြီးတော့၊ နောက်ပိုင်း ပါတီတွေ ဖွဲ့တော့မယ်။ စည်းရုံးရေးတွေ လုပ်တော့မယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်။ အတိတ်ကို နည်းနည်းပြန်တည်ပြီး လမ်းမှန်ပေါ့နော်။ အန်ကယ်တို့ မြင်တဲ့ ပုံစံအတိုင်း သွားသင့်တယ်ဆိုတဲ့ အယူအဆနဲ့ ထုတ်ဝေမှာပါ"ဟု ဦးသီဟအောင်က ပြောသည်။

"၈၈ကနေ ၂၀၀၈ထိ နှစ်ပေါင်း ၂၀ထိ ဖြတ်သန်းခဲ့ရပြီလေ။ တိုင်းပြည်တွင်းမှာ ပြည်သူတွေက သိတာလည်း ရှိတယ်၊ မသိတာတွေလည်း ရှိတယ်။ တချို့က သိပေမယ့် မေ့သွားတာတွေရှိတယ်။ သမိုင်းထဲမှာ မှတ်တိုင်တွေ ဆိုတာ ရှိတယ်လေ။ အဲဒီအရေးကြီးတဲ့ ကာလ တွေကို ပြည်သူလူထုက ပြန်လည် သိရှိ၊ မှတ်မိပြီးတော့ ခုဖြစ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို ပေါင်းစပ်ပြီးတော့ လေ့လာ သုံးသပ်နိုင်အောင် တင်ပြမှာပါ"ဟု သူက ဆက်ပြောသည်။

ပထမဆုံးထွက်ရှိမည့် စာစောင်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် စာနယ်ဇင်းသမားများ၏ အခန်းဏ္ဍ၊ မောင်ဝံသ၊ မောင်စူးစမ်း၊ ကျော်ဝင်းတို့၏ ဆောင်းပါးများ ပါဝင်မည်ဟု သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ အခုအများအားဖြင့် အန်ကယ်တို့မှာ အားနည်းနေတာက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာ အပြည့်အ၀ ပေးတဲ့ ဂျာနယ်မရှိဘူး။ ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ကြတာလေ။ ၂၀၀၉- ၂၀၁၀က ဒီအချိန်မှာ နိုင်ငံရေးနှင့် ပတ်သက်တဲ့ အသိပညာ၊ အတွေ့အကြုံတွေ၊ အယူအဆတွေ ချပြဖို့ ဆိုတာ နည်းနည်းနဲ့ ချပြဖို့ ဆိုတာ မလွယ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တာ တော်များများပါပြီးတော့ ပြည်သူလူထု စဉ်းစားလာနိုင်အောင် သမာသမတ် ကျကျနဲ့ ချပြမယ်။ တိုင်းပြည်ကောင်းစေချင်လို့ပါပဲ။ ဒီတခုပါပဲ"ဟု ဦးသီဟအောင်က ပြောသည်။

သို့သော် စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်အစိုးရ၏ ဆင်ဆာဘုတ်အောက်မှာ ပေးဖြတ်ခွင့် မရှိသလောက် နည်းပါးလှသော နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည့်နှင့် သူမ၏ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် ခေါင်းဆောင်အများအပြား ထောင်ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားများ အကြောင်းကိုမူ အကြောင်းတစုံတရာ တိုက်ဆိုင်မှသာလျှင် ရေးသားဖော်ပြဖြစ်ပါလိမ့်မည်ဟု သူက ပြောသည်။

ဦးသီဟအောင်သည် ဗိုလ်မှူးအဖြစ် ၁၉၇၂ခုနှစ်မှ ၁၉၉၁ခုနှစ် တပ်မတော် တာဝန်ထမ်းဆာင်ခဲ့သူဖြစ်သည်။ ထို့နောက် ပြန်ကြားရေး ဌာနသို့ ပြောင်းရွှေ့ကာ မြန်မာ့အလင်းတွင် ဒုတိယ အယ်ဒီတာချုပ်မှ ညွန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာ ရာထူး တာဝန်များယူခဲ့ပြီး ၂၀၀၇ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

သတင်းစာဆရာဘ၀မှ နိုင်ငံရေးထဲ ၀င်ရောက်လာခဲ့ပြီး ဆိုးရွားလှသော စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် နှစ် ၂၀ ခန့်နေခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူက "ကောင်းပါတယ်၊ ခုလို ထုတ်ဝေမယ်ဆိုရင် ဘာပဲ ထုတ်ထုတ်၊ အမှန်တရားကို အခြေခံထားဖို့ ရေးသားကြဖို့ သတင်းစာ ကျင့်ဝတ် သိက္ခာနဲ့အညီ တည်းဖြတ်ဖို၊့ ဖော်ပြဖို့ပါပဲ။" က မဇ္ဈိမသို့ ပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ ၂၀၀၈ခုနှစ် အောက်တိုဘာလတွင်း ဂျာနယ် ၆စောင်နှင့် မင်္ဂဇင်း ၆စောင်တို့အား ထုတ်ဝေခွင့် ချပေးခဲ့သည်။ ထုတ်ဝေခွင့်မှတ်ပုံတင်ထားသည့် အပတ်စဉ် ဂျာနယ်သည် အနည်းဆုံး ၁၃၀ ထက်ရှိသည်။

ပြည်တွင်း အယ်ဒီတာတဦးကမူ ဆင်ဆာဖြတ်တောက်မှု ပိုမိုဆိုးရွားလာသော လက်ရှိအခြေအနေတွင် နိုင်ငံရေးအကြောင်းဆိုလျှင် ပြည်ပနိုင်ငံရေးသာ ပိုမိုရေးခွင့်ရပြီး ပြည်တွင်းနိုင်ငံရေးအတွက်မူ အကန့်အသတ်များလွန်းလှ၍ သိပ်မျှော်လင့်မထားဟု ဆိုသည်။

စာမျက်နှာပေါင်း၂၀ ရှိ Northern Star ဂျာနယ်အား ယခုတပတ် ကြာသာပတေးနေ့တွင် စောင်ရေ ၃ထောင် အနည်းဆုံး ဖြန့်ချီမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် တစောင်လျှင် ၃၀၀ကျပ်ဖြင့် စတင် ရောင်းချမည်ဟု သိရသည်။

Ref: မဇ္ဈိမ

Read more...

ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်း ဘန်ကောက်ရွှေဆိုင်များ ပိတ်

NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉

ကမ္ဘာ့ရွှေဈေးမှာ တရက်တည်း အတက်အကျ မြန်လွန်းနေသည့်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းရှိ နာမည်ကြီး ရောင်ဝရတ် ရွှေဈေးတန်းမှ ရွှေဆိုင်များ တရုတ်နှစ်သစ်ကူးရက်အတွင်းမှာပင် ပိတ်လိုက်ရကြောင်း ရွှေကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ပြောသည်။

အရောင်းအ၀ယ်ကောင်းသည့် တရုတ်နှစ်သစ်ကူးရက်အတွင်း ရွှေဆိုင်များပိတ်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ကမ္ဘာ့ရွှေဈေးက တနေ့တည်း အမျိုးအမျိုးဖြစ်နေတော့ ရွှေဆိုင်တွေက ဈေးအမျိုးမျိုး လိုက်ပြောင်းပေးနေရတာနဲ့ တနင်္လာနဲ့ အင်္ဂါကို ရွှေဆိုင်တွေပိတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်” ဟု ရွှေကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ကျစ်တီက ပြောသည်။ တရုတ်တန်း ရောင်ဝရတ်ရွှေဈေးတန်းမှာ ရွှေဈေး တကြိမ်ပြောင်းလျှင် ဘတ်ငွေ (၄၀၀) ၀န်းကျင် အတက်အကျ ဖြစ်နေသည့်အတွက် ဈေးသတ်မှတ်ရန် ခက်ခဲပြီး ပိတ်ရသည်ဟုလည်း ဆက်ပြောသည်။

ကမ္ဘာ့ရွှေဈေးမငြိမ်သည့်အတွက် တရုတ်နှစ်သစ်ကူးအတွင်း အာရှရွှေဆိုင်များလည်း ပိတ်ပြီး ဗုဒ္ဓဟူးနေ့မှ ရွှေဆိုင်များ ပြန်ဖွင့်မည်ဖြစ်သည်။

ဇန်န၀ါရီ (၂၄) ရက် ထိုင်း ရွှေကုန်သည်ကြီးများအသင်း ထုတ်ပြန်ထားသည့် ရွှေဈေးမှာ ရွှေချောင်းဝယ်ဈေး တဘတ်သား ဘတ်ငွေ (၁၄,၅၀၀) နှင့် ရောင်းဈေး ဘတ်ငွေ (၁၄,၆၀၀) ရှိပြီး လက်ဝတ်ရတနာရွှေမှာ ၀ယ်ဈေး ဘတ်ငွေ (၁၄၂၉၅.၈၈) နှင့် ရောင်းဈေး (၁၅,၀၀၀) ရှိသည်။

Ref: ခေတ်ပြိုင်

Read more...

၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု (သုံးသပ်ချက်)

မင်းနိုင်သူ/ ၂၆ ဇန်န၀ါရီ ၂၀၀၉

၂၀၀၉ ခုနှစ်အတွင်း အာရှနိုင်ငံများ၌ စီးပွားရေးကို အခြေခံသော လူမှုအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက် တရပ်ရှိသည်။ ထိုကဲ့သို့ သတိပေးသူမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် အာရှ - ပစိဖိတ် ဒေသဆိုင်ရာ ဗဟိုရုံး အကြီးအကဲ Ajay Chhibber ဖြစ်သည်။ ၎င်းက အခြေခံ ဒီမိုကရေစီ စံနှုန်းများနှင့် နိုင်ငံ့စီးပွားရေး ထိန်းကျောင်းနိုင်မှု စံနှုန်းများ အပေါ်မှုတည်၍ “အာရှနိုင်ငံများအတွင်း” ဟူသော အထူးပြုချက်ကို သုံးနှုန်း သတိပေးခဲ့ခြင်း ဖြစ်ဟန်ရှိသည်။

ထို့ကြောင့် သတိပေးဧရိယာအတွင်း ပါဝင်နေသည့် ၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေး အလားအလာကို သုံးသပ်ကြည့်ဖို့လိုလာသည်။

၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေးသည် ၂၀၀၈ ခုနှစ်ထက် သိသာစွာ ကျဆင်းလိမ့်မည်ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် (Burma Fund) ဘားမားဖန်းမှ ဦးစိန်ဌေးတို့နှစ်ဦးက တူညီစွာမှန်းဆသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းလာချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နိုင်ငံများ ရင်ဆိုင်ရမည့် စီးပွားရေးအကျပ်အတည်းထက် မြန်မာက ပိုမည်ဖြစ်သည်။

၂၀၀၈ ခုနှစ် နှစ်စပိုင်းတွင် နာဂစ်ဒဏ်ခံခဲ့ရသဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများမှ အခြေခံသွင်းအားစုများနှင့် လုပ်သားများ ပျက်စီး ဆုံးရှုံးခဲ့ခြင်း၊ နှစ်လယ်ပိုင်းတွင် အဓိကပို့ကုန်တမျိုးဖြစ်သော ပဲဈေးကွက်ပျက် ပြားသွားခြင်းနှင့် စစ်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှု များပြားနေခြင်းတို့သည် အခြားနိုင်ငံများထက် ပိုနေသော အချက်များဖြစ်ကြောင်း မီးမောင်းထိုးပြကြသည်။

“စီးပွားရေးခန့်မှန်းတဲ့အခါ ပြီးခဲ့တဲ့ တနှစ်လောက်ကိုပဲ ကြည့်ပြီးတော့ ခန့်မှန်းလို့တော့ မရဘူးပေါ့။ အရင်က ဟာတွေကိုလည်း ကြည့်ဖို့လိုတယ်။ သို့သော်လည်း recently ပေါ့။ တနှစ်လောက်ကဟာကတော့ တိုက်ရိုက်ထိခိုက်တာ (directly impact) ဖြစ်တာပေါ့။ ဒီလိုပဲ စီးပွားရေးကျဆင်းမှုဟာ တနှစ်အတွင်း သိသာမှု မရှိခဲ့ဘူးဆိုရင်လည်း နောက်နှစ် နောက်နှစ်တွေမှာကျမှ သွားပြီးထိခိုက်တာမျိုးလည်းရှိတယ်။ ချက်ချင်းထိခိုက်တာမျိုးလည်းရှိတယ်။ ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ အရေးခင်းမျိုးကတော့ တိုက်ရိုက် အကျိုးသက်ရောက်သွားတာလို့ ပြောလို့ရတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။

အကယ်စင်စစ်လည်း ကမ္ဘာ့စီးပွားရေး မကျဆင်းမီကပင် မြန်မာ့စီးပွားရေးမှာ ကျဆင်းနေခဲ့ပြီးဖြစ်သည်။

စစ်အစိုးရ၏ ညံ့ဖျင်းသောကိုင်တွယ်မှုကြောင့် ယိုင်နဲ့နေသော မြန်မာ့စီးပွားရေးကို မေ (၂) ရက် နာဂစ်က အရှိုက်ထိုးလိုက်ပြန်သည်။ စပါးစိုက်ပျိုးထုတ်လုပ်မှု (၄၀) ရာခိုင်နှုန်းမျှ ပျက်စီးခဲ့သည်။ ငါးလုပ်ငန်း၊ ဆားလုပ်ငန်း များလည်း နာလန်မထူနိုင်။ ထို့ထက်ပိုဆိုးသည်မှာ ဒေသခံလူထု နှစ်သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ကြရခြင်း ဖြစ်သည်။ လုပ်သားအင်အားဆုံးရှုံးမှုသည် အဆိုးဝါးဆုံး ဆုံးရှုံးမှုဖြစ်သည်။

သေဆုံးသူစာရင်းကို နအဖက အတိအကျ ထုတ်ပြန်မပေးနိုင်သော်လည်း ပျက်စီးဆုံးရှုံးမှု စာရင်းကိုမူ သုံးပတ်အတွင်း အမိအရ ကောက်ကာ ကန်ဒေါ်လာ (၁၁) ဘီလီယံကျော် ရှိကြောင်း ကမ္ဘာကိုပြောသည်။ မေ (၂) ရက်က ဖြစ်ပွားခဲ့သော မုန်တိုင်းကြောင့် ပျက်စီးမှုတန်ဖိုးကို မေ (၂၅) ရက်တွင် စာရင်းအတိအကျဖြင့် တင်ပြလာနိုင်စွမ်းသော နအဖ၏ စာရင်းများကို ကမ္ဘာကမယုံ။ သို့နှင့် အာဆီယံက ကြားဝင်တွက်ချက်ပေးရာ လေးပုံတပုံလျော့ပါးသွားပြီး (၄) ဘီလီယံဟု အဖြေထွက်လာသည်။

နာဂစ်ဖြစ်ပြီးစအချိန်ကလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန် မစဉ်းစားဘဲ မေ (၅) ရက်တွင် ဘဏ္ဍာရေး ဒု-၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက ဒုက္ခသည်ပြ ဒေါ်လာရပြီ အထင်နှင့် ကမ္ဘာ့ဘဏ်သွားကာ လက်ဖြန့်သည်။ ကမ္ဘာ့ဘဏ်က မပေး။

ဤကဲ့သို့သော မရိုးဖြောင့်မှုများရှိရသည့်အထဲ နာဂစ်ဒုက္ခသည်များကို ကူညီသူများအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူမှုများကြောင့် ကမ္ဘာ့အကူအညီပေးရေးများ တွန့်ဆုတ်ကုန်သည်။ နအဖ၏ မိုက်မဲမှုကြောင့် ဒေသခံလူထုသည် ကမ္ဘာ့အကူအညီများကို လိုသလောက်မရခဲ့။

တဖက်တွင်လည်း စက်တင်ဘာအရေးအခင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ကျဆင်းလာနေသော ခရီးသွားလုပ်ငန်းသည် နာဂစ်အပြီးတွင် အခြေအနေပိုဆိုးလာသည်။ မီးခိုးမဲ့စက်ရုံပိုင်ရှင် ခရီးသွားလုပ်ငန်းရှင်များ ကိုယ်တိုင် ၎င်းတို့အိမ်တွင် မီးခိုးမဲ့တော့မည့် သဘောရှိလာသည်။ ဗီဇာစနစ်ပြောင်းလဲပေးရန်နှင့် နိုင်ငံခြားသားများအပေါ် ကန့်သတ်မှုများ လျှော့ပေါ့ပေးရန် ခရီးသွားလုပ်ငန်းရှင်များက တောင်းဆိုလာကြသည်။ နအဖကတော့ ယခုအချိန်အထိ တုတ်တုတ်မျှမလှုပ်။

ပုဂ္ဂလိကစီးပွားရေးကျဆင်းနေချိန်တွင် ရှိသမျှသယံဇာတ ထုတ်ရောင်းရန်သာ ကြံဆနေသော နအဖက ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပွားပြန်သည်။ ရလဒ်ကား ပြည်တွင်းရေထွက်ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ရပ်ဆိုင်းကုန်ခြင်းဖြစ်သည်။

တဖန် နှစ်လယ်ပိုင်းတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းဖြစ်ပွားခဲ့သော ပဲကြိုပွိုင့်ရောင်းဝယ်မှုများကြောင့် အဓိကပို့ကုန်တခုဖြစ်သည့် ပဲဈေးကွက်ပျက်သွားပြန်သည်။ ဤတွင် နအဖက နိုင်ငံတော်မှ ဦးဆောင်ရောင်းဝယ်မည်ဆိုကာ ပဲဈေးကွက်ကို ထိန်းချုပ်ရန် တာစူလာပြန်၏။ တနိုင်ငံလုံးရှိ ကုန်စည်ဒိုင်အမှုဆောင်များအား ကုမ္ပဏီများ စုဖွဲ့ခိုင်းနေသည်။ နယ်ခံကုမ္ပဏီနှင့် ရန်ကုန်ရှိ နအဖလက်ဝေခံကုမ္ပဏီများ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု စီးပွားကူးသန်းဒု-၀န်ကြီးက နယ်လှည့် ဆွယ်တရားဟောနေ၏။ နယ်ခံကုန်သည်ပွဲစားများက လိုလားမှုမရှိ။ နအဖနှင့် ပတ်သက်နေသော ရန်ကုန်ကုမ္ပဏီများကိုလည်း မယုံကြည်ကြ။ အဆုံးသတ်တွင် မည်ကဲ့သို့သော ရလဒ်ပေါ်ထွက်လာမည်ကို စောင့်ကြည့်ကြရဦးမည်။

နအဖ၏ တပွဲတိုးဖြေရှင်းနည်းများကား ထိုမျှနှင့်ရပ်မသွား။ နာဂစ်ဒဏ်ခံခဲ့ရခြင်း၊ စပါးဈေး အလွန်အမင်းကျဆင်းနေခြင်းတို့ကြောင့် သွင်းအားစုများ ဖြည့်တင်းရန်ပင် အခက်အခဲရှိနေသော လယ်သမားများ၏ လယ်ယာမြေများကို ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများအား ၀င်ရောက်လုပ်ကိုင်စေသည်။ အမည်ကိုကား လှလှလေး ပေးထားပါ၏။ အကျိုးတူ လယ်ယာစီးပွား။ ထိုအကျိုးတူ လယ်ယာစီးပွားဆိုသည်ကို ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါ တိုးချဲ့သွားမည်ဟု နအဖက လေသံပစ်ထားသည်။

“အဲလိုတွေက လုပ်ခဲ့ဖူးတယ်။ ၁၉၉၅ ခုနှစ်လောက်မှာထင်တယ်။ ရေနက်ကွင်း စိုက်ကွင်းဆိုပြီး ဒေသခံတွေဆီက မြေတွေသိမ်းပြီး သူတို့ကုမ္ပဏီတွေကို ချပေးတာမျိုးတွေရှိခဲ့တယ်။ မကွေးတိုင်းမှာလည်း စီမံကိန်း ၀ါစိုက်ဖို့ဆိုပြီး ယာမြေတွေသိမ်း ပုဂ္ဂလိကကုမ္ပဏီတွေကို ချပေးခဲ့ဖူးတယ်။ မဆလ လက်ထက်တုန်းကလည်း သမ၀ါယမ လယ်ယာတွေဆိုပြီး ရှိခဲ့ဖူးတာပါပဲ။ အခုလည်း အဲဒီပုံစံတွေအတိုင်း နအဖက လိုက်လုပ်နေတာပါပဲ။ အဲဒါတွေက ဒေသခံလူထုအတွက် အကျိုးမရှိနိုင်ဘူး။ ကုမ္ပဏီတွေပဲ အကျိုးရှိမယ်။ သူတို့က ထွက်လာတဲ့အသီးအနှံကို ပြည်ပတင်ပို့ခွင့်ရတော့ နိုင်ငံခြားငွေ (export earning) တွေ ရမယ်။ မူလလုပ်ခဲ့တဲ့ လယ်သမားတွေကတော့ ကုမ္ပဏီရဲ့ အလုပ်သမားသွားဖြစ်ရော။ လယ်ပိုင်ကနေ လယ်ယာလုပ်သားဖြစ်သွားတာ။ နောက်ဆုံးကျတော့ ဒေသခံတောင်သူလယ်သမားတွေကတော့ ဘ၀ပျက်သွားတော့တာပေါ့။ သူတို့ရဲ့ စီးပွားရေးမူဝါဒထဲမှာ ပုဂ္ဂလိကပိုင်ပြုရေးဆိုတာပါပေမယ့် လက်တွေ့မှာ သမ၀ါယမပြုနေတာပဲ။ ပုဂ္ဂလိကပိုင်ပြုတယ်ဆိုရင် တဦးချင်းစီ၊ တကဏ္ဍစီကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရမှာ”ဟု ဦးစိန်ဌေးက သုံးသပ်ပြသည်။

ထိုကဲ့သို့ ပုဂ္ဂလိကစီးပွားရေး ကဏ္ဍတွင် ဒေသခံများ မလုပ်တတ်ဟုဆိုကာ ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများထံ လုပ်ငန်းခွင်များ ထိုးထည့်ပေးနေသော နအဖအနေဖြင့် ၎င်းတို့ကိုယ်တိုင်စီမံခန့်ခွဲနေသည့် အစိုးရအသုံးစရိတ်ကို ကြည့်ပြန်တော့လည်းမဟန်။ ဘတ်ဂျက်လိုငွေပြမှုက (၅) ရာခိုင်နှုန်းအထက်မှာ နှစ်စဉ်ရှိနေသည်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်လည်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော်ရှိခဲ့ကြောင်း ၀န်ကြီး အဖွဲ့အစည်းအဝေး(၃၈/၂၀၀၈) တွင် ၀န်ကြီးချုပ်က ၀န်ခံခဲ့သည်။

“(၇) ရာခိုင်နှုန်း (၈) ရာခိုင်နှုန်းဆိုတာ နှစ်စဉ်လိုဖြစ်နေတာ မဆန်းတော့ပါဘူး။ ဒီနှစ်မှာ ပိုတောင်သုံးရဦးမယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ပုဂ္ဂလိက ကဏ္ဍကသုံးစွဲမှုတွေ လျော့လာမှာဖြစ်လို့ ငွေကျုံ့မှု (deflaction) မဖြစ်အောင် အစိုးရက ပိုသုံးပေးရမယ်” ဟု ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။

ဦးစိန်ဌေးက “တိုင်းပြည်တိုးတက်ဖို့ ဘတ်ဂျက်ပိုသုံးသင့်တဲ့အခါ သုံးကြရပါတယ်။ စီးပွားရေးကျဆင်းလာချိန်မှာ အစိုးရက ပိုသုံးပေးရတယ်ဆိုတာ မှန်ပါတယ်။ သီအိုရီအရမှန်ပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ပိုသုံးခဲ့တာများနေပြီဗျ။ ၈၈ ကနေ ၂၀၀၈ ဆိုရင် အနှစ်နှစ်ဆယ်ရှိနေပြီ။ ဘာမှအကျိုးမရှိဘူး။ အဲဒီမှာပိုသုံးတာ မသုံးတာထက် သုံးတဲ့ဧရိယာတွေကြည့်ရမှာ။ ယောင်ပြတည်ဆောက်မှုတွေ လုပ်နေတာမျိုးက ဘာမှအကျိုးမရှိဘူး။ မလိုအပ်သေးဘဲနဲ့ ဒါမှမဟုတ် တကယ်မလုပ်နိုင်သေးဘဲနဲ့ ၀ါဒဖြန့်ချင်လို့ လမ်းဖောက်လို့၊ တံတားဆောက်လို့ စပါးထွက်နှုန်းတိုးလာမလား။ ဘတ်ဂျတ်သုံးစွဲတဲ့အခါ ဘယ်ကဏ္ဍသည် နိုင်ငံအတွက် အဆီအနှစ်ဖြစ်စေသလဲ။ ဒါကိုကြည့်ရမယ်။ အခုဟာက စစ်တပ်အတွက် အများကြီးသုံးနေတယ်။ မလိုအပ်ဘဲ နေပြည်တော်ဆောက်နေတာ အခုထိမပြီးသေးဘူး။ အများပြည်သူအလုပ်လုပ်တဲ့ ကဏ္ဍတွေမှာ ပံ့ပိုးတာမရှိဘူး။ နိုင်ငံတနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုဟာ (၂) ရာခိုင်နှုန်း၊ (၃) ရာခိုင်နှုန်းသာ ရှိသင့်တာပါ” ဟု ပြောသည်။

နအဖ၏ စာရင်းများကား မှန်ကန်လေ့မရှိဟု ကမ္ဘာကလက်ခံထားကြသည်။ ယခုဘတ်ဂျက်လိုငွေပြမှုသည်လည်း ယခုထက်ပိုစရာသာရှိသည်။ ကြံ့ဖွံ့လို လူမှုရေးအသင်းအဖွဲ့ဆိုသည်ကြီးကိုလည်း နအဖက ထောက်ပံ့နေရသဖြင့် လျော့စရာအကြောင်းမရှိ။ ကြံ့ဖွံ့ပံ့ပိုးငွေများ မည်သည့်ဝန်ကြီးဌာန၏ အသုံးစာရင်းမှ သွားသနည်း။

မိမိတို့ အစိုးရအသုံးစရိတ်ကိုပင် ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိသည့် နအဖအနေဖြင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း ၎င်းတို့အား နောက်ခံပြုပေးနေသော ကုမ္ပဏီကြီးများ လက်သို့သာ ၀ကွက်အပ်စီမံစေသည်မှာ တကယ်တော့မဆန်း။

ဆန်းသည်မှာ Ajay Chhibber ၏ စီးပွားရေးကို အခြေခံသော လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးမှုမှန်ကန်ကြောင်းကို မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် နှစ်စမှာပင် ပြသခဲ့ခြင်းဖြစ်သည်။

ဖြစ်ရပ်မှာ နအဖလက်ဝေခံကုမ္ပဏီများကြီးစိုးရာ ရေနံမှော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းမှူး၏ အစ်မပိုင်ကုမ္ပဏီက နှောပင်ရေနံမှော်တွင် ဒေသခံတွင်းပိုင်များထံမှ ရေနံစိမ်းကို လက်ဝါးကြီးအုပ် ၀ယ်ယူလိုသည်။ တန်ရာတန်ကြေးမပေး။ ပြင်ပရေနံပွဲစားများက တပေပါ (၅) သောင်းကျော် ပေးနေချိန်တွင် ကုမ္ပဏီက (၃) သောင်းဝန်းကျင်သာပေးသည်။ သူတို့မှလွဲ၍ အခြားရောင်းချခြင်းမပြုရဟု အစည်းအဝေး ခေါ်ပြောသောနေ့မှာပင် ဒေသခံလုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ပြဿနာတက်သည်။ စစ်တပ်က ဒေသခံလူထုကိုသာ ပစ်ခတ်နှိမ်နင်းခြင်းဖြင့် ဖြေရှင်းပြသည်။

အလားတူဖြစ်ရပ်မျိုးများ ပေါ်ပေါက်လာနိုင်စရာအကြောင်းများလည်း တွေ့မြင်နေရသည်။ အဘယ့်ကြောင့် ဆိုသော် နအဖ၏ စီးပွားရေးမနိုင်နင်းမှုနှင့် ၎င်းတို့နှင့် လက်ဝေခံကုမ္ပဏီများကိုသာ အလုံးစုံသော လုပ်ပိုင်ခွင့်များ ပေးထားသဖြင့် လူထုစီးပွားကျဆင်းလာနေခြင်းကြောင့်ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read more...

Sunday, January 25, 2009

အမေရိကန်စီးပွားရေး ကယ်တင်မှု ထိရောက်ရေး သမ္မတ အခိုင်အမာပြော

25 January 2009

ကျဆင်းနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကယ်တင်ဖို့ သမ္မတအိုဘားမား က ပထမဆုံးချပေးမယ့် ငွေကြေးပမာဏအပေါ် အမေရိကန်ပြည်သူတွေ တော်တော်များများက ယုံရခက်နေတဲ့ကိစ္စကို သဘောပေါက် နားလည်ပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ သူပထမဆုံး ပြောဆိုတဲ့ အပါတ်စဉ် အင်တာနက် မိန့်ခွန်းကနေ အခုလိုပြောဆို ခဲ့တာဖြစ်ပြီး၊ ဒီလို စီးပွားရေးကျဆင်းမှုကို ကူညီရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းကထွက်ပေါ်လာတဲ့ ရလဒ်တွေကို သူ့ အစိုးရအဖွဲ့က တာဝန်ခံမယ့်အကြောင်းကိုလည်း သမ္မတအိုဘားမားက ပြည်သူတွေကို အခိုင်အမာ ပြောလိုက်ပါတယ်။ ဒီအကြောင်းကို အိမ်ဖြူတော်က ဗွီအိုအေသတင်းထောက် ကန့် ကလိုင်ရန် (Kent Klein) ရဲ့သတင်းကို ကိုရန်နိုင် က တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက နိုင်ငံရဲ့စီးပွားရေးကျဆင်းနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒေါ်လာ ၈၂၅ ဘီလီယံ ကမ်းလှမ်း အဆိုပြုထားတာကို သူ့အနေနဲ့ ဘယ်လိုနည်းနဲ့မှ ဖြန်းတီးတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့က အခုဖြစ်နေတဲ့ ပြဿနာတွေကို ပိုက်ဆံတွေ ထည့်ရုံသက်သက်နဲ့ ဖြေရှင်းသွားမှာမဟုတ်ပါဘူး။ အလုပ်ဖြစ်မယ့် နေရာတွေမှာ ကျနော်တို့က ရင်းနှီးမြုပ်နှံမှုတွေ လုပ်သွားမှာပါ။ ရင်းနှီးမြုပ်နှံမှုတွေကို ဘယ်နေရာတွေမှာ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ အဆင့်သင့်ဖြစ်တာနဲ့ ကျွမ်းကျင်သူတွေက ပြည်သူလူထုကို အသိပေးသွားမှာဖြစ်တယ်။”

အမေရိကန်အစိုးရရဲ့ သတ်မှတ်တဲ့အသုံးစရိတ်ကို ဆွေးနွေးဖို့အတွက် မစ္စတာ အိုဘားမာဟာ သူရဲ့ စီးပွားရေး အကြံပေး အရာရှိနဲ့ စနေနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ အခုရင်ဆိုင် ကြုံတွေ့နေရတဲ့ စီးပွားရေးပြဿနာကို တစုံတရာ ကိုင်တွယ် ဖြေရှင်းတာ မလုပ်ဘူးဆိုရင်၊ အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေဟာ ဆယ်ရာခိုင်နှုန်း ကျော်သွားကြောင်း၊ နိုင်ငံရဲ့ စီးပွားရေး ပမာဏဟာလည်း ဒေါ်လာ ၁ ထရီလီယံ လောက် ကျဆင်းသွားနိုင်တယ်လို့ မစ္စတာအိုဘားမားက ပြောဆိုလိုက်ပါတယ်။

“ဒီပြဿနာတွေကို မြန်မြန်ဆန်ဆန်နဲ့ အရဲစွန့်ပြီး မလုပ်ဘူးဆိုရင်၊ ရေတိုမှာ အခုဆိုးနေတဲ့ အခြေအနေတွေဟာ ပိုပြီးတော့ ဆိုးသွားသွားတယ်။ အဲဒါကြောင့် အလုပ်အကိုင်တွေ အမြန်ဆုံး ဖန်တီးပေးနိုင်ဖို့နဲ့ စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အမေရိကန် ပြန်လည်နလန်ထူလာရေးနဲ့ ပြန်လည် ရင်နှီးမြုပ်နှံမှု စီမံကိန်းကို ကျနော်အဆိုပြုတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို လွှတ်တော်မှာ ပါတီနှစ်ခုစလုံးက အပြင်းအထန် ကြိုးစားလုပ်ကိုင်နေတယ်လို့ ပြောရတာ ကျနော် ၀မ်းသာမိပါတယ်။ တလအတွင်းမှာ ဥပဒေအဖြစ် ပြဌာန်းဖို့ လက်မှတ် ထိုးပေးနိင်လိမ့်မယ် လို့ ကျနော် မျှော်လင့်ပါတယ်။”

သမ္မတအိုဘားမားဟာ သူရဲ့ စီးပွားရေးစီမံကိန်းကို လွှတ်တော်က ထောက်ခံအတည်ပြုပေးအောင် ဆွေးနွေးမှုတွေလုပ်ဖို့ အတွက် ဒီမိုကရက်ပါတီ နဲ့ ရီပတ်ဘလစ်ကန်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမေရိကန်လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ သမ္မတအိုဘားမား သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလလယ်မတိုင်ခင် ဒီအဆိုပြုတဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ သဘောတူညီမှုကို ရလိမ့်မယ်လို့ ယုံကြည်ကြောင်း နှစ်ဘက်ပါတီခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။

အမေရိကန်အောက်လွှတ်တော် ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင် ဂျွန် ဘိုအားနာ (John Boehner) အပါအ၀င်၊ ရီပတ်ဘလစ်ကန် ပါတီဝင်တွေက သမ္မတ အိုဘားမား အဆိုပြုတာထက် ပိုပြီးတော့ အခွန်ကောက်တာတွေ လျော့ချဖို့နဲ့ အစိုးရ အသုံးစရိတ်တွေကို လျော့ချဖို့ အဆိုပြုတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ သန်းနဲ့ချီပြီး ပိုလုပ်လာအောင် မိသားစုတွေ၊ ကိုယ်ပိုင် စီးပွားရေး လုပ်သူတွေ၊ အသေးစားစီးပွားရေးလုပ်ငန်းတွေကို အခွန်ကောက်တာတွေကိုလျော့ပြီး သူတို့ရှာဖွေလုပ်ကိုင်ရရှိတဲ့ ငွေတွေကို ပိုပြီးခံစားခွင့်ပေးရမှာ ဖြစ်ပါတယ်”

ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ အခွန်ပေးနေသူတွေတိုင်းကို အခွန်ကောက်တာတွေ လျော့မှာ ဖြစ်တယ်လို့ မစ္စတာ ဘိုအားနား က ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမာရဲ့ စီမံကိန်းဟာ အနည်းဆုံး အလုပ်အကိုင်သစ် ၃ သန်း ကို ဖန်တီးပေးမှာ ဖြစ်ပြီးတော့၊ အမေရိကန်နိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လောင်စာသုံးစွဲမှု နဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲမှာ ဖြစ်ပါတယ်။

Ref: VOA News

Read more...

ဂမ်ဘာရီ ပြန်လာမည်

မြလူ/ ၂၃ ဇန်န၀ါရီ ၂၀၀၉

ဇန်န၀ါရီလကုန်တွင် ဂမ်ဘာရီ မြန်မာနိုင်ငံ လာနိုင်စရာရှိသည်ဆိုပြီး ရန်ကုန် သံတမန်တဦးကို ကိုးကား၍ ရန်ကုန် အေပီ သတင်းထောက်က ရေးသည်။ စင်စစ် ယခုလကုန် ဂမ်ဘာရီလာမည်ဆိုသည့် သတင်းကို ရန်ကုန် သံတမန်လောက တခုလုံး သိနေကြပြီ ဖြစ်သည်။ မြန်မာစစ်အစိုးရဘက်မှ တိတိကျကျ မထုတ်ပြန် သေးသည့်အတွက် ကုလသမဂ္ဂဘက်က မကြေညာသေးသည့် သဘောသာရှိသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခုနောက်ဆုံး မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း တွေ့ခွင့်မပေးခဲ့ပေ။ ၎င်းခရီးစဉ်အပြီးတွင် ဂမ်ဘာရီနှင့် ပတ်သက်ပြီး ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ၂၀၀၈ ခု ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသွားမည့် ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း၏ ခရီးစဉ်လည်း မဖြစ်မြောက်ခဲ့။ နိုင်ငံတကာ ခေါင်းဆောင်များက တိုက်တွန်းသည့်တိုင် ကုလသမဂ္ဂမှ တောင်းဆိုထားသည့် အချက်များကို စစ်အစိုးရဘက်က သိသိသာသာ လိုက်လျောဖို့ အလားအလာရှိမှ၊ ပြင်ဆင်ပြီးမှ မြန်မာနိုင်ငံ သွားနိုင်မည် ဆိုသည့်သဘော ဘန်ကီမွန်းက ပြောခဲ့သည်။

၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက် အစီရင်ခံစာတစောင် တင်ပြန်၏။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေး လုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေး ကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေး မက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂ ခေါင်းဆောင်ပိုင်းက အိုဘားမား၏ အမေရိကန် အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည် ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဟုဆို၏။ ဂမ်ဘာရီ၏ အစီရင်ခံစာအပေါ် စစ်အစိုးရဘက်က အပြုသဘော တုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မည် ဖြစ်သည်။

ထို့ကြောင့် ဂမ်ဘာရီ ဇန်န၀ါရီလကုန်လာမည့် ခရီးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရဖို့ သေချာသည့် အတွက်များလားဟု တွက်စရာရှိသည်။ သည်တခေါက် ဂမ်ဘာရီလာလျှင် မက်လုံးဆို၍ နအဖကို ငွေနှင့်ဖြားယောင်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးအောင် တောင်းဆိုမည့် အချက်သာရှိသည်။

သို့သော် မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလသမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေး ကူညီရေး အစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင်သည်။ ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေး အကူအညီများ တိုးပေးရန် တောင်းဆိုထား သည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီ များများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟုလည်း အစီရင်ခံစာ၌ အဆိုပြုထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှိုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာပြည်သူများထံ တိုက်ရိုက် ငွေပေးနိုင်ရေး တို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့်နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့် အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများတွင် ငွေကြေးစီးပွားကပ် ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန်တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခု မတ်လ ခရီးစဉ်၌ မစ္စတာ ဂမ်ဘာရီ တင်ပြချက် (၅ ) ချက်နှင့် ပတ်သက်ပြီး ပြန်ကြားရေး
ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက မတ်လ (၇) ရက်၌ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ရိပ်သာတွင် မစ္စတာဂမ်ဘာရီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး တချက်ချင်း ထောက်ပြငြင်းပယ်ခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံ ရေးအကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည်အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်ကိစ္စသည်လည်း ထိပ် တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထိုအချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်း မဟုတ်သဖြင့် မကြေညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောသည်။

၂၀၀၈ မတ်လခရီးစဉ်၌ မစ္စတာဂမ်ဘာရီ၏ ၀န်ထမ်းတဦး ရန်ကုန်မှာ ရုံးဖွင့်ခွင့်ရရေးကိစ္စနှင့် ပတ်သက်၍မူ ရန်ကုန်၌ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း အများအပြားရုံးစိုက်ပြီး ဌာနေ ကိုယ်စားလှယ်များ ခန့်ထားပြီးဖြစ်၍ မလိုအပ်ဟု ပြန်ကြားရေးဝန်ကြီးက တုံ့ပြန်ခဲ့သည်။ အဆိုပါ မတ်လခရီးစဉ်၌ပင် ကုလသမဂ္ဂ အကူအညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူးချူပ် ကျော်ဆန်းက ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးတွင် အားလုံးပါဝင်ရန် ကိစ္စသည်လည်း ရေးဆွဲပြီးဖြစ်သဖြင့် မဖြစ်နိုင်တော့ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြတ်ပြတ်သားသားပြောသည်။

ထိုသို့ နအဖဘက်က ယတိပြတ် ပြောထားသည့်တိုင် ယခုတခေါက်လာမည့် ဂမ်ဘာရီ၏ ခရီးစဉ်သည် ငွေနှင့်ဖြားယောင်းသည့် သံတမန်နည်းကို နအဖဘက်က မျက်စိကျသွားသည်ဟု အတတ်ပြော၍ မရပေ။

ဂမ်ဘာရီလာချိန်သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရဘက်က ပြင်ပြင်ဆင်ဆင် လုပ်နေချိန် ဖြစ်သည့်အတွက် ရွေးကောက်ပွဲဥပဒေထုတ်ပြန်ရေးကိစ္စ၊ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂဘက်က ကြီးကြပ်ရေးကိစ္စ စသည်တို့ကိုသာ နအဖခေါင်းဆောင်ပိုင်းက အလေးထား ဆွေးနွေးမည့်သဘောရှိသည်။

နအဖအခြေခံဥပဒေကို ပြန်သုံးသပ်ရေး၊ လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရအား ပေးထားသည့် ရာဇသံကာလ (၆) လ မပြည့်ခင် ဂမ်ဘာရီလာသည့်အတွက် ထိုကိစ္စကို ဂမ်ဘာရီဆောင်ရွက်ပေးနိုင်မည့် အတိုင်းအတာမှာ စစ်အစိုးရ၏ တင်းမာသည့်သဘောထားနှင့် အန်အယ်လ်ဒီနှင့် တွေခွင့်ရမရဆိုသည့် အချက်တွေပေါ် မူတည်၏။

ထို့ကြောင့် ယခုနှစ်ဆန်း ဂမ်ဘာရီလာလျှင် နိုင်ငံရေး တိုးတက်ဖို့ မသေချာသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ယခင် အခေါက်များကဲ့သို့ နအဖဘက်က စော်ကားမော်ကား လုပ်ရပ်များ လုပ်မှာကတော့ သေချာသည်ဟု ရန်ကုန် နိုင်ငံရေးလောကမှာ ပြောဆိုနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ယခုနှစ်ဆန်းမှစ၍ “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြ” ဆိုသည့် စာတန်းကို ခြံထဲမှာ ကပ်ထားသည်။

Ref: ခေတ်ပြိုင်

Read more...

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့