Monday, December 08, 2008

တရားမျှတမှုဆိတ်သုဉ်းနေသော နအဖအာဏာရှင်စနစ်ကို နိဂုံးချုပ်ကြစို့

အနှစ်နှစ်ဆယ်ကျော်ကာလ။

နဝတ၊ နအဖ လက်ထက်မှာ လူဖြစ်နေကြရသော မြန်မာပြည်သူတို့ဘဝတွင် ပျက်စီးဆုံးရှုံးမှုများကား ရေတွက်၍ပင်မရ။ ပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမည့်သူများက ပြည်သူ့အသက်ကို သတ်၍ စည်းစိမ်ဥစ္စာတို့ကို လုယူခဲ့ကြလေပြီ။
ပြည်သူတို့ ဆန်ကြမ်းစားပြီး၊ အချို့မှာ ထမင်းရေသောက်နေရချိန်တွင် နအဖနှင့်အပေါင်းအပါများကား ဟိုတယ်၊ စားသောက်ဆိုင်များတွင် နိုင်ငံပေါင်းစုံမှ အစားအသောက်များမှီဝဲနေကြသည်။ ယမကာမျိုးစုံကို မှီဝဲနေကြသည်။ စားဝတ်နေရေး မပြေလည်၍ မိသားစုအတွက် ဘဝနစ်မွန်းခံကာ စရိတ်စက ရှာဖွေနေကြရသော မြန်မာမိန်းကလေးငယ်များနှင့် ပျော်ပါးနေကြသည်။

ပြည်သူတို့ အဝတ်အစား (၃)၊ (၄) စုံနှင့် ဘဝခရီးကြမ်းထဲ ရုန်းကန်နေကြချိန်တွင် နအဖနှင့် အပေါင်းအပါ တို့၏ ဇနီးသားမယားများ၏ လည်တိုင်များ၌သိန်းပေါင်း ထောင်ချီတန်သည့် စိန်တန်ဆာများ ဆင်မြန်းထား ကြသည်။ ဖခင်နှင့် ခင်ပွန်းဖြစ်သူ၏ လစာနှင့် ဝယ်ထားပါသည်ဟု အဘယ်နအဖ ဇနီးနှင့် သမီးတို့ ဆိုဝံ့သနည်း။

ပြည်သူတို့ အမိုးအကာလေး အောက်မှာနေရဖို့ အသည်းအသန် ကြိုးစားနေရချိန်တွင် နအဖတို့မှာကား၊ တိုက်တစ်လုံးပြီး တစ်လုံး တိုးတက်ပိုင်ဆိုင်လာကြသည်။ ယင်းသို့သောသူများက အမိုးအကာအောက်မှ နေပြီး၊ စားရမဲ့ သောက်ရမဲ့ ပြည်သူများကို နေစရာပါမဲ့အောင် အိမ်များဖျက်၊ ရွာများမီးရှို့ လုပ်ရက်နေကြသည်။

ပြည်သူတို့မှာကား အဆမတန်ကြီးထွားလာသော ကုန်ဈေးနှုန်းနှင့် အမှီလိုက်နိုင်အောင် ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ရုန်းကန်နေကြရသည်။ လောကပါလတရားဖြစ်သည့် တရားမျှတမှုဆိုသည်ကား အဘယ်နည်း။

ဤကြားထဲ တစ်ပူပေါ်နှစ်ပူဆင့်စေသည်က နအဖတို့ ကျင့်သုံးနေသော တရားစီရင်ရေး စနစ်၏ တရား မမျှတမှု။ ‘အသက်တစ်ရာမနေရ၊ အမှုတစ်ရာကြုံရ” ဆိုသကဲ့သို့ လူထုကြားတွင်လဲ အမှုအခင်းများ ရှိနေတတ်စမြဲ။ အမွေလုမှု၊ ခိုးမှု၊ လူသတ်မှု၊ လိမ်လည်ဖျားယောင်းမှု စသည်စသည်။ တရားဥပဒေဟူသည် ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှုပပျောက်အောင် ပြုလုပ်ပေးရစမြဲ။

သို့ရာတွင် နအဖလက်ထက် အမှုများသည်ကား မရှိရှိအောင်၊ မကြီးကြီးအောင် ချဲ့ထွင်ခံရတတ်သည်။ ရှေ့နေများ၊ တရားသူကြီးများ၊ ရုံးစာရေးများကို အဆင့်ဆင့် လာဘ်ပေးကြရသည်။ ပြီးသင့်သည့် အချိန်တွင်လဲမပြီးနိုင်။ ရှိသမျှကုန်ကာ တခါတရံအမှုပြီး၍ နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ အကြွေးဆပ်နေကြရသည်။ လူမသတ်ပဲ လူသတ်တရားခံဖြစ်ရသူများလဲ ဒုနဲ့ဒေး။ မခိုးပဲသူခိုးဖြစ်ရသူလဲ အများအပြား။

ယင်းဘဝများကြားထဲတွင် အမှန်တရားအတွက် ရပ်တည်နေသူများကားပိုမို ဒုက္ခများကြရသည်။ ဆန်ဈေးတက်လို့ တက်တယ်ပြောတာလဲ ထောင်အနှစ်နှစ်ဆယ်၊ လူထုဘဝ အကြောင်း ကဗျာလေးတစ်ပုဒ် စပ်ပြန်တော့လဲ ထောင်ခုနစ်နှစ်၊ ဘီဘီစီရေဒီယိုလေး နားထောင်မိတာလဲထောင်သုံးနှစ်၊ မတရားတာကို မကျေနပ်လို့ ဆန္ဒပြတော့ ထောင်ငါးဆယ့်ကိုးနှစ်ဆိုပဲ။ ကဲ- ဘယ်လိုရှိစ။

တရားမျှတမှုဆိုသည်ကား ဆိတ်သုဉ်းကွယ်ပျောက်နေပါပကော။

နအဖအပေါင်းအပါ စီးပွားရေးသမားများက ‘စားမယ်၊ ဝါးမယ်’ ကြိမ်းဝါးနေသည်။

နအဖနောက်လိုက် မတရားဥပဒေ ဘက်တော်သားများက ‘ဖမ်းမယ်၊ ဆီးမယ်’ ခြိမ်းချောက်နေသည်။

နအဖလက်ကိုင်စစ်သားများက ‘သတ်မယ်၊ ဖြတ်မယ်’ကြွေးကြော်နေသည်။

နအဖအမြီးဆွဲစွမ်းအားရှင်များက ‘ရိုက်မယ်၊ နှက်မယ်’ တုတ်ပြင်နေသည်။

သူတို့မည်သို့သွားဖြဲဖြဲ အဖိနှိပ်ခံပြည်သူများ ညီညွတ်ကြဖို့ အချိန်တန်ပြီ။ “ပြည်သူ့အားသည် ထိုအရာများထက်ပို၍ အင်အားကြီးမားပါသည်။” ကမ္ဘာ့သမိုင်းတလျှောက် ပြည်သူ့အင်အားကို လွန်ဆန် နိုင်သော အာဏာရှင်ဟူ၍ မရှိသေးပါ။

ဆိတ်သုဉ်းကွယ်ပျောက်နေသော တရားမျှတမှုတို့ ပြန်လည်ထွန်းကားလာရေးသည် တစ်ဦးတစ်ဖွဲ့ တစ်ပါတီတည်း၏ တာဝန်မဟုတ်။ ပြည်သူအားလုံး၏ တာဝန်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည့်စကားတခွန်းဖြင့်နိဂုံးချုပ်ပါမည်။

‘လှေတစ်စင်းကို လှော်တဲ့နေရာမှာ၊ လှော်တဲ့လူကနှစ်ယောက်၊ စီးတဲ့လူက တစ်ရာကိုးဆယ့်ရှစ်ယောက် ဆိုရင်တော့ မြန်မြန်ရောက်ဖို့မလွယ်ဘူး’

ပြည်သူလူထုအားလုံး တက်ညီလက်ညီ ပူးပေါင်း၍ တော်လှန်ရေးအသွင်သဏ္ဍာန်မျိုးစုံဖြင့် နအဖအာဏာရှင်စနစ်အား နိဂုံးချုပ်ကြပါစို့။

ခင်မမမျိုး
(၂၀၀၆ ခုနှစ်က ရေးသားဖူးတဲ့ ဆောင်းပါးလေးကို ပြန်လည် ဆန်းသစ်ထားခြင်းပါ)

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့