Tuesday, December 16, 2008

ထောင်ဒဏ် (၆၅) နှစ်ကျ မမီးမီးကို ပုသိမ်ထောင်ပို့

မြင့်မိုးဇော်/ ၁၆ ဒီဇင်ဘာ ၂၀၀၈

ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသင်းသင်းအေး ခေါ် မီးမီးအား နိုဝင်ဘာ (၂၀) ရက်နေ့တွင် အင်းစိန်ထောင်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု မမီးမီး၏ ခင်ပွန်းက ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့်အပတ်တွင်းက ထောင်ဝင်စာသွားတွေ့ပြီး ပြန်လည်ရောက်ရှိလာသူ မမီးမီး၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက “ပထမဆုံး အကြိမ် မို့လို့လားမသိဘူး အားလုံး အဆင်ပြေပါတယ်။ အေးအေးဆေးဆေးပါပဲ။ ကျနော်တို့ရောက်သွား တော့ ထောင်ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ ပြီးတော့ မမီးမီးနဲ့ပတ်သက်ပြီး စိတ်မပူဖို့နဲ့ စည်းကမ်းဥပဒေဘောင်ထဲကနေပြီး ပေးနိုင်တဲ့ အကူအညီကိုပေးမှာ ဖြစ်ကြောင်း ပြောပြကြပါတယ်” ဟု ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ မမီးမီး (ခ) မသင်းသင်းအေးမှာ ၁၉၉၆ ခုနှစ်ကလည်း ယခုကဲ့သို့ အာဏာပိုင်များက မတရားဖမ်းဆီးထောင်ချခြင်းကိုခံခဲ့ရသည်။ ၂၀၀၅ ခုတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ကိုမင်းကိုနိုင်အပါအ၀င် အခြား ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ ပြည်သူလူထုခံစားနေရသော မတရားမှုများကို ရှေ့တန်းမှ ရပ်ကာ စစ်အစိုးရကို တိုက်ပွဲဝင်နေသူတဦးဖြစ်ပြီး ၂၀၀၅ ခုနှစ် ထောင်မှ ပြန်လွတ်လာစဉ်ကပင် သူမတွင် လေးဘက်နာရောဂါကို ခံစားနေခဲ့ရသည်ဟု သိရသည်။

ပုသိမ်မြို့ အကျဉ်းထောင်သို့ ထောင်ဝင်စာတွေ့ ပြီး ပြန်ရောက်ရှိလာသူ သူမ၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက “ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျနော်သူ့ကို စိတ်ပူပါတယ်။ မီးမီးမှာ လေးဘက်နာလည်းရှိတယ်။ အခုဆိုရင် အရိုးကျီးပေါင်းတက်တဲ့ ရောဂါလည်းရှိတယ်လို့သိရတော့ နည်းနည်းတော့စိတ်ပူတာပေါ့။ ခုကာလက ဆောင်းတွင်းလည်းဖြစ်ပြန်၊ ပုသိမ်မြို့ကလည်း အေးတယ်ဆိုတော့ တခုခုဖြစ်မှာကို စိုးရိမ်ပါတယ်။ အရိုးကျီးပေါင်းတက်တဲ့ရောဂါက သူအပြင်မှာတုန်းကတော့ မရှိဘူးဗျ။ သူ အင်းစိန်ထောင်မှာ အချုပ်ခံနေစဉ် ကာလမှာ စဖြစ်တာပါ။ အခုလည်း သူအနေနဲ့ အဲဒီရောဂါတွေနဲ့ပတ်သက်တဲ့ဆေးတွေကို မှာလိုက်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ကိုလှမိုးကဆက်လက်၍ “ကျန်တာတော့ သိပ်ပြီးစိတ်မပူပါဘူး။ ဘာလို့လဲဆိုတော့ မီးမီးက အတွေ့အကြုံရှိပြီးသားလေ။ နောက်ပြီး ဒီအမှု (နိုင်ငံရေး) ဆိုတာမျိုးက အချိန်မရွေးပြောင်းလဲနိုင်တာလေ။ မနက်ဖြန်၊ သန်ဘက်ခါလည်း ပြန်လွတ်နိုင်တာပဲလေ” ဟု ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသင်းသင်းအေး (ခ) မီးမီးသည် အာဏာပိုင်အစိုးရ၏
မတရားဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ်ကျခံနေရသူဖြစ်သည်။ စစ်အစိုးရက မတရားဖမ်းဆီး ထောင်ချလိုက်ချိန်တွင် သူမတွင် သမီး (၁) ယောက်၊ သား (၁) ယောက် ကျန်ရှိခဲ့သည်ဟု သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့