ရန်ကုန် UNODC ရုံးကို ကုလမှ စာရင်းစစ် မူးယစ်နှင့် အိပ်ခ်ျအိုင်ဗွီ စီမံကိန်းများ ကျေနပ်မှုမရှိ
NEJ/ ၂၁ ဇန်န၀ါရီ ၂၀၀၉
ရန်ကုန်မြို့ရှိ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုရုံးခွဲကို ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က ၀င်ရောက်စစ်ဆေးရာ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါ စမ်းသပ်ဒေသ ရွေးချယ်ရာ၌ တစ်ခါသုံး ဆေးထိုးအပ်သုံး မြို့နယ်များ ကျန်နေခြင်း၊ အန်ဂျီအိုများအား ပေးသည့် စီမံကိန်းငွေကို စောင့်ကြည့် စစ်ဆေးမှု မရှိခြင်း စသည့် ချို့ယွင်းချက်များ တွေ့ရကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တရပ်၌ ဖော်ပြထားသည်။
ခေတ်ပြိုင်က ဖတ်ရှုခွင့်ရသည့် အဆိုပါ ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့ အစီရင်ခံစာကို ၂၀၀၈ ခု သြဂုတ် (၂၉) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ကုလစာရင်းစစ် ညွှန်ကြားရေးမှူး Dagfinn Knusten က လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Mr Antonio Maria Costa ထံ တင်ပြသည့် အစီရင်ခံစာဖြစ်သည်။
မြန်မာနိုင်ငံ၌ ၂၀၀၀ ပြည့်နှစ် အချက်အလက်များအရ ဆေးထိုးအပ်သုံး ဆေးသမားများ၌ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါစွဲနေသူ အရေအတွက်မှာ မန္တလေး (၈၈) ရာနှုန်း၊ လားရှိုး (၈၈) ရာနှုန်း၊ မြစ်ကြီးနား (၇၇) ရာနှုန်းနှင့် ရန်ကုန်တွင် (၃၉) ရာနှုန်းရှိသည်။ သို့သော် ရန်ကုန် UNODC ရုံးက လားရှိုး တခုတည်းကွက်ပြီး စမ်းသပ်မြို့နယ် လုပ်ကိုင်ခဲ့ပြီး အခြား အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ သံသယရှိသည့် မြို့နယ်များကို စမ်းသပ် စီမံကိန်းထဲ မပါဝင်သည့် အချက်ကို ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က ထောက်ပြထားသည်။
UNAIDS ခေါ် ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့၏ ၂၀၀၆ ခု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး စွဲကပ်နေသူပေါင်း (၃၆၀,၀၀၀) ခန့်ရှိပြီး ၂၀၀၅ ခုနှစ်ကုန်တွင် မြန်မာတနိုင်ငံလုံး အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါရှိနေသည့် အရွယ်ရောက်သူပေါင်း (၁.၃) ရာနှုန်းရှိသည်။
မြန်မာနိုင်ငံတွင်း စမ်းသပ်မြို့နယ် (၁၆) မြို့နယ်တွင် မူးယစ်ဆေးစွဲသူပေါင်း (၉) သန်း နီးပါးရှိပြီး ဆေးထိုးအပ်သုံး ဆေးစွဲသူဦးရေမှာ အဆိုပါ လူဦးရေစုစုပေါင်း၏ (၁) ရာနှုန်းနီးပါးရှိသည်။ ထို့ကြောင့် ရန်ကုန် UNODC ရုံးအနေဖြင့် ၎င်း၏ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် စီမံကိန်းများကို ပြန်လည်သုံးသပ်ပြီး လားရှိုးနှင့် မူဆယ်သာမက ဆေးထိုးအပ်သုံး ဆေးစွဲသူများရှိသည့် အခြားဒေသများပါ စီမံကိန်းထဲ အကျုံးဝင်အောင် လုပ်သင့်သည်ဟု ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က အကြံပြုထားသည်။
ရန်ကုန် UNODC ရုံးသည် ၎င်း၏ စီမံကိန်းများအား ကူညီနေသည့် အစိုးရမဟုတ်သည့် အန်ဂျီအိုများအား ထုတ်ပေးငွေမှာ ၂၀၀၇ ခု UNODC အတွက် ချပေးငွေ စုစုပေါင်း၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် အဆိုပါ အန်ဂျီအိုများက ငွေကို မည်သို့သုံးစွဲကြောင်း ရန်ကုန် UNODC စီမံကိန်း ၀န်ထမ်းများက ကြီးကြပ် စိစစ်မှု မရှိဟု ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရန်ကုန် UNODC စီမံကိန်းများကို ကူညီနေသည့် အန်ဂျီအို (၃) ခုဖြစ်သည့် CARE, Marie Stopes နှင့် Myanmar Business Coalition ရုံးများသို့ ကုလ စာရင်းစစ်အဖွဲ့က သွားရောက် စစ်ဆေးရာ CARE အဖွဲ့ဆိုလျှင် UNODC ချပေးငွေ စုစုပေါင်း၏ (၆၃) ရာနှုန်းကို လစာနှင့် အထွေထွေ အုပ်ချုပ်မှုစရိတ်အဖြစ် ပြထားသည်ကို တွေ့ရကြောင်း ကုလစာရင်းစစ်အဖွဲ့က ထောက်ပြသည်။
Ref: ခေတ်ပြိုင်
0 comments:
Post a Comment