Thursday, January 15, 2009

မြန်မာပြည် ပြောင်းလဲရေး မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ ထိုင်း ကြိုးပမ်းမည်

15 January 2009

အာဆီယံ အသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် အဘီဆစ် ၀ိုက်ချာချီဝ က အာဆီယံ အသင်းဝင်နိုင်ငံတွေ သာယာ ၀ပြောဖို့အတွက် အာဆီယံ အဖွဲ့ကြီး ခိုင်မာဖို့ လိုအပ်ကြောင်း၊ အာဆီယံအဖွဲ့ကြီး ခိုင်မာဖို့ အတွက်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ လေးစားမှု၊ ယုံကြည်ကိုးစားမှု လိုအပ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ ကျန်ဒေသတခုလုံးကို အကျိုးသက်ရောက်စေတာမို့ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်တန်ပြီလို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို တွန်းအားပေးသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ FCCT နိုင်ငံခြား သတင်းထောက်များ အသင်းရဲ့ ညစာ စားပွဲမှာ ၀န်ကြီးချုပ် အဘီဆစ် တက်ရောက်ပြီး အခုလို ပြောကြားသွားတာ ဖြစ်တယ်လို့ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်း က သတင်းပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာကို မြင်ချင်ပါတယ်လို့ မကြာခင်က ပြောခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် သစ် အဘီဆစ် ၀ိုက်ချာချီဝ ကို မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ဘယ်လို ပုံစံနဲ့ တွန်းအားပေးသွား လိုပါသလဲ။ မြန်မာ့ဒီမိုကရေစီရေးအတွက် တွန်းအားပေးတဲ့နေရာမှာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ တည့်တည့်မတ်မတ် တွန်းအားပေးသွားမှာလား လို့ ဗွီအိုအေ က မေးခွင့်ရခဲ့ပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံ စီးပွားရေးအရ အပြန်အလှန် ဆက်ဆံကြရာမှာ အကျိုးစီးပွားချင်း မျှဝေ ခံစားကြရတာမို့ နှစ်ဘက်စလုံး အကျိုးရှိပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြား အာဆီယံ နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံအနေနဲ့ သာယာဝပြောဖို့ လိုတယ်လို့ အခုလို စပြောပါတယ်။

"အသင်းဝင်နိုင်ငံတွေ သာယာဝပြောဖို့အတွက် အာဆီယံ အသင်းကြီး ခိုင်မာတောင့်တင်းဖို့ လိုပါတယ်။ အာဆီယံ အသင်းကြီး ခိုင်မာတောင့်တင်းဖို့ ဆိုတာက နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ လေးစားမှုနဲ့ ယုံကြည်ကိုးစားမှု ရှိဖို့ လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ ကျန်ဒေသတခုလုံးကို အကျိုးသက်ရောက်စေတာကတော့ ရှင်းပါတယ်။ ဒါကြောင့်မိုလို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်ကျရောက်နေပြီလို့ သူ ထောက်ပြမှာဖြစ်ပါတယ်။ အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ လူထုအတွက်တင် မဟုတ်ဘဲ အစိုးရအတွက်လည်း အကျိုးရှိစေမှာ ဖြစ်တယ်။"

မြန်မာနိုင်ငံအပေါ်မှာ အနောက်နိုင်ငံတွေရဲ့ ဖိအားပေး အရေးယူတဲ့ပုံစံနဲ့မဟုတ်ဘဲ မတူကွဲပြားတဲ့ ပုံစံနဲ့ ချဉ်းကပ်မယ်လို့ ဆိုတဲ့အပေါ် သတင်းထောက်ရဲ့ အမေးကို ဖြေဆိုရာမှာတော့ နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ ထိုင်းအစိုးရတွေရဲ့ ချဉ်းကပ်ပုံနဲ့ မတူသလို ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ချဉ်းကပ်ပုံနဲ့လည်း ကွဲပြားမယ်လို့ ဆိုပါတယ်။ မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ အပြုသဘော ဆောင်သွားမယ်အကြောင်း၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် ပြောင်းလဲသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံ ဖြစ်လို့ပါပဲလို့ ၀န်ကြီးချုပ် အဘီဆစ် က အခုလို ဖြေဆိုသွားပါတယ်။

"ရေရှည်တည်တံ့မယ့် အပြောင်းအလဲဟာ မြန်မာပြည်တွင်းကပဲ ဆောင်ကြဉ်းလို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြင်ပကနေ အဓမ္မ တွန်းအားပေးပြီး ပြောင်းလဲအောင် လုပ်နိုင်တာထက် သူ့ပြည်တွင်းမှာ ကိုယ့်ဘာသာကိုယ် ပြောင်းလဲအောင် လုပ်ကြဖို့သာ လိုပါတယ်။"

ဒါပေမယ့် အိမ်နီးချင်းနိုင်ငံ အနေနဲ့တော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် ထပ်ပြီး အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အရင်တုန်းက အပြုသဘောဆောင် ဆက်ဆံရေးနဲ့ ဆက်ဆံခဲ့သလိုပဲ ဆက်ပြီး ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြောပြောနေတဲ့ အပြုသဘောဆောင် ဆက်ဆံရေးမှာ တကယ် အပြုသဘော မဆောင်တာမို့ အပြုသဘော ဆိုတဲ့အချက်ကိုတောင် မေ့တေ့တေ့ ဖြစ်ခဲ့ရပါတယ် လို့ သူက ပြောပြသွားတာပါ။

အဲဒီနောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် အနောက်နိုင်ငံတွေရဲ့ တားဆီးပိတ်ဆို့မှုတွေနဲ့ အရေးယူတာမှာ အသံသာ မြည်တဲ့ သင်္ကြန်အမြှောက် လို့ ဖြစ်နေတာကြောင့် အခု အာဆီယံ ဥက္ကဌ ဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မီ ဘယ်လို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ စိတ်ကူးရှိပါသလဲ လို့ သတင်းထောက်ရဲ့ အမေးကိုတော့ - ဒီကိစ္စဟာ တကယ်တော့ လွယ်ကူတဲ့အလုပ်လို့ သူ တွေးမထားပါဘူးလို့ ပြောပါတယ်။ အပြောင်းအလဲတွေ ဖြစ်လာအောင် အာဆီယံ အသင်းကြီးအနေနဲ့ လက်တွေ့ကျကျ လှုပ်ရှားဖို့ ဖြစ်ပါတယ်လို့ သူက အခုလို ပြောပါတယ်။

"အခုဆိုရင် အာဆီယံ ပဋိဉာဉ်စာတမ်းကြီးလည်း အတည်ပြုပြဌာန်းခဲ့ပြီး ဖြစ်တာကြောင့်မိုလို့ အဲဒီ ပဋိဉာဉ်စာတမ်းမှာပါတဲ့ လူ့အခွင့်အရေး နဲ့သက်ဆိုင်တဲ့ ပြဌာန်းချက်တွေကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာမှု ရှိမရှိကိုလည်း သေသေချာချာ စိစစ်သွားမှာဖြစ်ပြီးတော့ ၂၀၁၀ ခုနှစ် မတိုင်မီ အကောင်အထည်ဖော်ဖို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံအပေါ် ရပ်တည်ရမယ့် ရွေးချယ်စရာလမ်းက ဒီလမ်းပဲ မြင်နိုင်ဖို့ ဒီလမ်းကြောင်းအတိုင်း ခပ်သွက်သွက် လှုပ်ရှားသွားပါမယ်။"

တဆက်တည်းမှာပဲ ထိုင်းနိုင်ငံ အနေနဲ့ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဂရက်ရိုက်တာကို ခံနေရတဲ့အချိန်မှာ မတည်ငြိမ်တဲ့ ထိုင်းနိုင်ငံရေးကိုပါ ကိုင်တွယ်ရတဲ့ အချိန်ဖြစ်နေတယ်လို့ ပြောပါတယ်။ ဥပဒေနဲ့အညီ တရားမျှတရေး၊ တရားဥပဒေ စိုးမိုးရေးသာမက နိုင်ငံတောင်းပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ဆံတာတွေကို တိတိကျကျ ကျောသားရင်သားမခွဲဘဲ တရားဥပဒေဘောင်အတွင်းက ကိုင်တွယ်သွားမယ့် အကြောင်းကိုလည်း ၀န်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ က ပြောကြားသွားပါတယ်။

Ref: VOA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့